Thursday, November 15, 2012

ရင်ဝေးနေသောနေ့ရက်များ

အဆင့်မြင့်မြင့်စားသောက်နေထိုင်ဖို့
နေ့နေ့ ညည ပြေးလွှား
တစ်ရေးနားဖို့ခက်ခဲ
အမေ့ရွာက ထန်းရွက်တဲလေးကိုသတိရ မိရဲ့
အမေ နဲ့ ဝေး
အဖေ နဲ့ ဝေး
မိတ်ဆွေ ၊ သူငယ်ချင်းတွေနဲ့ဝေး
အနာဂတ်တွေတရေးရေးပြေးမြင်ဖို့
မနေမနား
တစ်ရေးနားစားသောက်ချိန်
ဂုဏ်ရှိန် ငွေရှိန်ကင်းတဲ့
အမေ့အိမ်က ထမင်း နဲ့ ဟင်းကိုလွမ်းရဲ့
ကိုယ်ခန္ဓာ နွမ်းလျ
တမ်းတမိတဲ့ အချိန်တိုင်း
ဟို ဆေး ၊ ဒီ ဆေး
မိတ်ဆွေ ဆေး ၊ သူငယ်ချင်း ဆေး
လက်ကမ်းလို့ပေး
အမေ့ အခန်းက ကိုယ်ငွေ့လောက်မနွေးဘူး အမေ
အလုပ်ပြီးတဲ့ အချိန်ဆို
လွမ်းစိတ်ပို နွမ်းချိ
တစ်ကိုယ်တည်းရှိတဲ့အခန်း
အတွေး နဲ့တောင် မရဲတရဲမှန်း
ငရဲခန်းလားထင်
ည  ည အိပ်ချိန်
မိ အိမ် ဖ အိမ်
မိသားစုအိမ်
တရှိန်ရှိန်တောက်လောင်နေကြမေတ္တာတရား
တထိန်ထိန်မြို့ပြ နဲ့နှိုင်းချိန်တိုင်း
စိတ်တောင်ပံခတ်
ပြန်ရက်ကိုလက်ချိုး
ရှိးခိုးလျက်ပါ  ဖေ ၊ မေ


                                             မောင်ရေခဲ

Monday, November 12, 2012

★" ဆောင်း မိုး ကြားမှာ.. ဖွားသော.. သားစနေ.. ရေခဲရေ "♪♫

ဆယ့် နှစ်.. ဆယ့်တစ်… တစ်ဆယ့်နှစ်….
လျှပ်စီး လက်ဆဲ… မိုးသည်း ညနေ …
လွန်လေခဲ့သော.. နှစ်နှစ်ဆယ်ကျော်…
ဆည်းဈာ တိမ်တောက်.. ညနေ ခြောက်နာရီ….
မှုန်ရီ အုံ့မှိုင်း.. ရှစ်ခွင်တိုင်း…
ဆောင်း ကို ရောက်ငြား…  မိုးသည်းသည်း ကြား…
သားလှ ဖွားမြင်… မေမေ့ရင်…
ကြည်သာ ရွှင်ပြုံး.. အလှဆုံး…
တစ်လောကလုံးကို. မေ့ခဲ့သည်…။
မေမေ့ ရင်သွေး…
သားဦးလေး.. ရေ..
စနေခါမှာ….  ဖွားမြင်တာမို့..
ရှေးထုံး ရှေးလာ… မပယ်ဖျောက်သာ….
မွေးဖေ..  ဓါးထမ်း….  ကျော်ခဲ့ရှာသည်…။
သို့ပါသော်ငြား …
ဖေ မေ့ သား…
ယနေ့ ချိန်ခါ.. ကျရောက်လာသည်…
နှစ် နှစ်ဆယ်ကျော်…. မွေးနေ့တော်၌…
လူတော် လူချွန်.. လူရည်မွန်…
ကိုယ့် ၀န် ထမ်း ရင်း… လျှောက်လှမ်းနေ..
မွန်မြတ်လေစွ.. သည် သားလှ …
လောက အ၀ှမ်း…. သို့..   ကဗျာပန်း ဝေ…  ရင်ငြိမ်းစေ…….။



မောင်ရေခဲ ရေ... မွေးနေ့တိုင်းမှာ.. ပျော်ရွှင် ချမ်းမြေ့ပါစေနော်...
ခင်တဲ့ မမ.. ထာဝရ "နွေဦးမေ"
 http://nwaeoomay.blogspot.com/
 ကျနော့်မွေးနေ့ အတွက် ပို့ပေးတဲ့ 
မနွေဦးမေ ရဲ့
တဂ်ပိုစ့်လေးပါ

အမေ့တေး

အံသြမိပါရဲ့
              အတ္တတွေဖြိုချ  ယိုစီးဖို့ခက်တဲ့အရာတွေကြား
               သူမ က အနီရောင်ပန်းဝတ်မှုံတွေကို အဖြု အစင် ဖန်ဆင်းတယ်

အံသြမိပါရဲ့
       ဒုက္ခ သုက္ခ တွေကို လက်ဖက်သုတ် တစ်ပွဲလို သုပ်
       ဘဝကိုတည်ခင်း အပြုံးတွေပြိုဆင်းလို့
        ရင်ရင်းမေတ္တာတရားအောက်ပျော်ဝင်နေတာကိုပေါ့

အံသြမိပါရဲ့
           မသေချာတဲ့ အရာတွေကိုရေရာဖို့မျှော်တွေး မသေချာတဲ့ အလောင်းအစားကို
            ချွေးတွေနဲ့ အရောင်တင်
             ညလွင်ပြင်အိုတွေနဲ့ - " အို့ -အို....အို     အေး   " .... သားချော့တေး  တွေဆိုလို့     
            ကမ္ဘာသစ်ကို ဖန်ဆင်း  အလင်းတွေ လင်းစေခဲ့တယ်

အံသြမိပါရဲ့
          သူမ သာ အနားရှိရင် နေမဝင်အင်ပါယာ မပိုင်ရလဲ နေပါစေ လို့ဆိုရဲတဲ့အထိ
           သတ္တိထူးတွေနဲ့ မြူးတူး   ဘယ်ညတွေ ဘယ်လိုလူးလူးပေါ့
           လောက ကို ရင်ကော့ လျှောက်ရဲတတ်လာတယ်

အံသြမိပါရဲ
           သူမ ရဲ့ခွန်အား ဟာ ရင်သွေးတွေဆီ စီးဆင်း အသက်တွေကြီး ပြီးရင်းကြီးပေါ့
           သူမ ရှေ့ ရောက်ရင် ကိုယ့်ကိုယ်သိလာတယ်
            ကလေးတစ်ယောက်ဆိုတာကိုပေါ့

အံသြမိပါရဲ့
           သူမဟာ အံဖွယ်လူသားတစ်ယောက်ဆိုတာ သိလိုက်ရလို့ပေါ့

                                                                   12/11/2012 နေ့ရဲ့
                                                                               အိပ်ယာဝင်တေးလေးပါပဲဗျာ
                                                                                                    မောင်ရေခဲ

Sunday, November 11, 2012

Happy Birthday Ko YayKhe

                                         

ကိုရေခဲ
တစ်ကိုယ်ရေထဲတွေး
ကဗျာတွေရေးလိုက်
စာတွေတွေးလိုက်နဲ့
အပြေးကလေးနှင်
မွေ့နေ့မှာ ပျော်ရွှင်ပါစေ...။
ကိုရေခဲ
စိုပြေဆဲအတွေး
ချိုနေတဲ့အရေးတွေနဲ့
ငိုနေတဲ့လောကအတွက်
အားပေးတဲ့လက်တစ်စုံဖြစ်ဖို့
အဖုံဖုံသာမောကဗျာတောမှာ
အမောမဖောက် ဆက်လျှောက်နိုင်ပါစေ....
ကိုရေခဲ
နဂိုနေမြဲမငေးနဲ့
ကြိုနေတဲ့ အရေးတွေကိုမြင်
လိုနေတဲ့စွမ်းအင်တွေကိုဖြည့်လို့
အဓိကနဲ့သာမညကိုခွဲခြား
တရား/မတရားကွဲပြားပါစေ.....
မွေးနေ့မှာပျော်ရွှင်ပါစေဗျာ..
      မင်းရဲ့သူငယ်ချင်း       
         ကိုရတုသစ်
12/11/2012 တွင်ကျရောက်သော
ကျနော့်မွေးနေ့အတွက်
ကိုရတုသစ် ရဲ့ တဂ်ပိုစ့်လေးပါ

 

ကျေးဇူးပါအမေ

သူငယ်ချင်းရေ
ဒီတစ်ခါ
ငါ့မွေးနေ့
မနေ့ကအကြိုအဖြစ်
တောလဲသံတွေနဲ့ကြိုဆို
အငိုတရားတွေတွေ့ခဲ့ ကြားခဲ့ပေါ့
ဘဝကို အငိုတရားတွေနဲ့
ဒီနေ့လိုနေ့မျိုး
လွန်ခဲ့တဲ့23နှစ်က စ ခဲ့ဖူးတယ်
တန်ဆောင်မုန်းရဲ့ ဆောင်းတွင်း
မိုးပြေးတွေခရီးနှင်ခဲ့ဘူးတယ်
ဒါတွေတဒင်္ဂမေ့
အမေ့ မေတ္တာတရားတွေ ဟောဒီကမ္ဘာထဲ
အမေ့ရဲ့ ရင်ဘတ်ထဲ
ဆောင်းမှာကျတဲ့မိုးသည်းတွေနဲ့အတူ
တသွင်သွင်စီးဆင်းရဲ့
သူရို့ကပြောကြတယ်
မွေးလာတဲ့သား
ကျား  တဲ့
သား ဦး စနေ ဆိုတာ
ဓားထမ်းကျော်ရတယ်ဆိုပဲ
ဒါတွေကိုအသာထား
အမေ့မေတ္တာတရားနဲ့ချွေးသိပ်
ရိုးရာတွေကိုနှိပ်ကွပ်ခဲ့တဲ့အမေ
ယဉ်ကျေးမှု့နဲ့ ဘာသာတရား
စေ့စပ်အောင်သင်ကြားပေး
မျိုးစေ့တွေဝေစေတဲ့အမေ
ခေါင်းမှာအလံဖြူတွေစိုက်လဲ
သီအိုရီတွေရိုက်သွင်းပေးခဲ့တဲ့အမေ
မျက်လုံးတို့ပြာရီ
ဘဝအလီကိုသင်ကြားပေးခဲ့တဲ့အမေ
မျက်နှာတို့လှိုင်းထန်
ဘဝရန်တွေကြား - ကျားကန်ပေးခဲ့တဲ့အမေ
တဖြေးဖြေးပြန်တွေးရင်း
တရေးရေးဂုဏ်ယူနေမိတယ်လေ


                                        မောင်ရေခဲ(အဝတ်နီ)
12/12/2012 -တွင်ကျရောက်သော
ကျနော့် မွေးနေ့ တွင်
အမေ့အတွက်ဂုဏ်ပြု ကဗျာ

11/11/2012 ..နေ့တွင်ကျရောက်သောကျနော့်သူငယ်ချင်း .. ကိုရတု အတွက် မွေးနေ့ဆုတောင်း

ကျုပ်သူငယ်ချင်း
ကိုရတု ရေ
ဒီနေ့
မင်းရဲ့မွေးနေ့
မထူးဆန်းတဲ့စကားတွေနဲ့
ငါ
ဆုမွန်ချွေမိ
အနီရောင်ပန်းတွေဖူးပွင့်တဲ့
ဟောဒီ ကမ္ဘာမြေတစ်ခွင်
ရင်ဘတ်ချင်းဆက်
ရစ်ပတ်ချည်နှောင်
ကဗျာ့ဘောင်ထဲသက်ဆင်း
တောလဲသံတွေကင်းတဲ့ကမ္ဘာမှာ
မင်း
သာယာပါစေ
နောက်တစ်မျိုးဆုတောင်း
သံသရာကောင်းဖို့အတွက်ပေါ့
အကောင်း နဲ့ အဆိုး
ညီမျှခြင်းထိုးဖို့လွယ်တဲ့ခေတ်ထဲ
အသိထူးတွေဖော်ကျုးရေးအတွက်
မမေ့ခြင်းနဲ့အဖော်ပြု
သေးခြင်းတရားကိုအံတုဖို့
ပစ္စုပ္ပန်တွေကိုဆင်ခြင်
အလျင်
မသေခြင်းရောက်ပါစေ

                    မင်းရဲ့သူငယ်ချင်း
                                    မောင်ရေခဲ(အဝတ်နီ)

11/11/2012 နေ့တွင်ကျရောက်သော
ကိုရတုသစ် မွေးနေ့အတွက်
ကျနော့် ရဲ့ 
တဂ်ပိုစ့်လေးပါ

 

Saturday, November 10, 2012

ညောင်ညိုစခန်း

ခပ်မဆိတ်ဝင်လာတဲ့
ကျယ်လောင်သံ
ရင်ဘတ်ကို ညံ သွားတယ်
အပြာရောင်ကမ္ဘာဆီသွားတဲ့ သူ့ကို
အနက်ရောင်နဲ့မိတ်ဆက်
ရုတ်တရက်
နုတ်ဆက်
အသက်မဲ့
ခပ်နက်နက်အလွမ်းတွေ
အလွမ်းနက်နက်အနမ်းတွေ
ကွေ့ပတ်ဝေးလွင့်
အနီရင့်ရင့်စီးဆင်းကုန်ပေါ့
က .ကွက်တွေညီစေဖို့
မရိုးနိုင်တဲ့စကားတွေနဲ့ဆွဲငင်
အဲဒီအချိန်
စိတ်ဆင်ခြင်အားနည်းကုန်ရဲ့
(ငါ အပါအဝင်ပေါ့ )
ဒီလမ်းတွေ ...
ရမ်းလျှောက်ရမှာသိရဲ့
လမ်းမဖောက်
မှန်းလျှောက်တော့
အမှန်တွေဝေးကုန်ပေါ့
အသိမစစ်တဲ့အသိတွေကိုပိုက်
စိုက်ခဲ့တဲ့သစ်ပင်
စိုက်ခံခဲ့ရတဲ့မြေယာ
အစေခံမပါဘဲ ခုန် က တော့
မျက်ရည်တေးတွေ ရေး လို့ရေး
ခပ်လေးလေးရင်ဘတ်
ကံကြမ္မာ နဲ့ လဲ ထပ် ရော
မျက်ရည်တို့ သည်း အူ လှိုက် ခုန်
ဘဝ အဖုံဖုံနစ်မွှန်း
ရှေ့ ယွန်း ၊ နောက်ယွန်း ၊ ၁၀ မျက်နှာယွန်း
ခွန်းကြီး ခွန်းငယ်ပြောတတ်တဲ့ အနောက်စာမျက်နှာမှာ
စကားတွတ်ထိုးရင်း
အငိုအပြုံးရဟတ်စီးရင်း
အလွမ်းပန်းခင်းနားခိုရင်း
ပျားရည်တို့သောက်သုံးရင်း
ညောင်ညိုပင်ရင်းကစားရင်းပေါ့


                              မောင်ရေခဲ

ထို ...တစ်ရက်

ဝဋ်ကြမ္မာအကြွေး
ဆပ်ရရေးကြောင့်
ရင်တစ်ခြမ်းလဲပဲခဲ့သည်

ချစ်ကြင်နာရေး
စိတ်မအေးလို့
ဒီဝဋ်ကြွေးကထပ်ခဲ့ပြီ

ဝဋ်ကြွေး ဝဋ်ကြွေး
သည်အရေး
ဘယ်သွေးဘယ်သားမကယ်ပြီ

ဝဋ်စုံဒုက္ခ
လိုက်ဆပ်ရ
သင်္ခါရလဲထပ်ခဲ့ပြီ

မအားဘူးဆို
ငါ့ - အားကို
အလို - သေမင်းခေါ်နေပြီ

သေမင်းလာစဉ်
လမ်း၌ပင်
ငါ့တွင်ရိက္ခာပြင်နှင့်မည်

ထိုရိက္ခာတွက်
ဒီတစ်ရက်
ဝတ်ချက်ဖြူစင်နေပါသည်
ဘဝအရေး
မျှော်ကာတွေး
ဝဋ်ကြွေးတစ်ရက်
ကြေခဲ့ပြီ



မောင်ရေခဲ

Friday, November 9, 2012

မ ... သို့

***  ဝေးနေရကြာ   ၊   ရက်လတာရှည်
ကြေကွဲပူမိ    ၊    တရိရိနွမ်း
လွမ်းရတမ်းတ   ၊   ခန်းစည်းစ လေး
ရေးရေးပြေးကိုင်   ၊   ရင်မနိုင်ခဲ့
ယဲ့ယဲ့အသဲ   ၊   ပူမီးမှောင်ထဲ
မောင့်အသဲလေးငိုနေပြီ
 
***  မှတ်တမ်းရီဝေ   ၊   မှန်းတီတေက
ပါးကွက်ကကြား   ၊   လွန်းရိုးသားလှ
မောင့်နှမအား   ၊   ရပ်ခြားမြေကွဲ
မခွဲတူရှိ   ၊    တိမ်ပြာသိသည်
လမင်းကြီးရှေ့သက်သေတည်
 
***  မတည်ဝိုးဝါး   ၊   ဟိုးတလွှားက
ဆိုထားသတတ်   ၊   တညှင်ရပ်ဝယ်
နတ်ရှင်နှယ်သို့   ၊   ကဗျာရို့ရင်
ရင်ထဲဝင်လတ်   ၊    မသေသပ်စ
နှမအသိ    ၊   တမ်းတ သိစေ 
ချစ်  ကဗျာရှည်ပို့ဆက်သည် 
 
***   မငိုပါနဲ့   ၊    ရင်ခွင်ထဲသိပ်
ချော့သိပ်ချင်လဲ   ၊   အတွေးထဲဝယ်
တွဲလျက်တူရှိ   ၊   သူမ  သိစေ
မျက်ရည်ကမ္ဘာ   ၊   ကမ်း က ခွါဖို့
ညို့ညို့မှိုင်းမှိုင်း   ၊   ကြမ္မာ ခိုင်းလဲ
မောင့် မေ အတွက်   ၊   ရတက်မပွေ
အေးမြစေရေး   ၊     မျှော်တွေးရော်ရည်
တောင်းဆုတော်သည်
မောင့် မေ စိတ်လန်း အေးမြစေ
ထောက်တည်ရာတိုင်း လန်းဖြာစေ

မောင်လေးရေခဲ

 

Thursday, November 8, 2012

အတိတ်အိပ်တန်း

သံဖိနပ်တွေစီးတတ်တဲ့
ဟော  .. ဟို သူတို့ရွာဆီ
ဒုတိယကမ္ဘာစစ်လက်ကျန်ဘိုးဘိုးက
ထမ်းလို့ ပိုးလို့
သစ်ရွက်စိမ်းစိမ်း
လေပြေနုနုကလေးတွေကိုတောင်မခံစားနိုင်ရှာ
အသိစိတ်တွေရေမွှန်းနေမှတော့
အောက်ဆီဂျင်ဆိုတာလိုမှာပဲလေ
အတွေးတွေခေါင်းငိုက်စိုက်နဲ့
အိမ်အပြန်လမ်းမစိုပြေတာ
တွေးမိရဲ့
ကမ်းလင့်သူဝေး
မှန်းလင့်သူဆွေး
တွေးလို့  ငေးလို့
ခပ်ရို့ရို့နဲ့
သံဖိနပ်တွေစီးတတ်တဲ့သူရို့ကမ္ဘာ
အလွှာကင်းလွတ်
ရိုးသားခြင်းအင်္ကျီဝတ်လို့ပေါ့
သားချော့တေးဆိုသူဆို
တမ်းချင်းရွတ်သူရွတ်
လာလမ်းငေးသူငေး
အပြေးကလေးကြိုသူကြို
အဆို ...အလွမ်း ...အနမ်း
ရင်ဘတ်တောင်နွမ်းသွားတယ်
ရွာထိပ်ကညောင်ပင်ကြီးရယ်
ကျောင်းရှေ့ကကုက္ကားပင်ကြီးရယ်
ခပ်ပြာပြာကောင်းကင်ကြီးရယ်
ပြီးတော့
ခုံတန်းဘေးကမြေကွက်လပ်
မိုးရွာတဲ့အခါဖားအော်သံ
အတူကျောင်းတက်နေကျထန်းပင်တန်း
စိန်ပန်းပင်ပြာနဘေး
ပါးကွက်ကြားလိမ်းနေကျကောင်မလေးရယ်
သူရို့နဲ့
မြစ်တစ်စင်းမှာတစ်ထစ်ချင်းဆင်းကြည့်တယ်
တမ်းချင်းတွေရွတ်ကြည့်တော့
အလွမ်းတွေခမ်းလိုက်...မလန်းလိုက်
ဆောင်းလယ်အိပ်မက်တွေကြား
နှောင်းလယ်အတိတ်တို့က
ဒီတစ်ညလဲမိုးလင်းစေခဲ့တာပါပဲ  ....။

                                                    မောင်ရေခဲ

Monday, November 5, 2012

မစိုပြေတဲ့ခြေရာ

ရိုးပြတ်တောတွေပြတ်သုံးသလောက်ပဲ
မိုးတိမ်ပြတ်သုံး
မီးခိုးတွေမဆုံးပေါ့
ကျနော့်ရွာ
ဗုံသံတွေကညံလို့
ခပ်ညံညံမြူတွေအဝေးထုတ်
ရုတ်ရုတ်နဲ့
သူတို့ ပျော်နေတယ်ထင်ပါ့
ကျောင်းထိပ်ကပိတောက်ပင်ကြီးတောင်အိပ်မက်ကလန့်နိုးလာတယ်
ငှတ်ကလေးတွေရဲ့ခိုးခိုးခစ်ခစ်ရယ်သံ
ရွာနဘေးကဘုန်းဘုန်းကျောင်းရယ်
ရွာနောက်ဖျားက
လုံမလေးတွေရေခပ်ဆင်းနေကျချောင်းနဘေးရယ်
အော်
ငါနဲ့ခပ်စိမ်းစိမ်းတောင်ဖြစ်နေပါပေါ့လား
နေပျော်တဲ့အရာတွေနဲ့နီးအောင်အလံလွှင့်
ခပ်ရင့်ရင့်နေရက်တွေတောင်ကုန်ပေါ့
ရော့ရော့ကလေးတွေးရင်း
မျက်စိမှိတ်အလွမ်းတွေသောက်သုံးရင်း
ဒီကနေ့လဲ
မိုးလင်းတာပါပဲ