Wednesday, May 29, 2013

တစ်ခါ တစ်လေများ


တစ်ခါ တစ်လေ
စိတ်နာစရာတစ်ချို့က
ရသ..စာဖြစ်လို့

တစ်ခါ တစ်လေ
စစ်ပွဲတွေက
ဟာသတစ်ပုဒ်ဖြစ်လို့

တစ်ခါ တစ်လေ
အချစ်နွဲသူတွေက
စစ်ပွဲတွေနွဲလို့

တစ်ခါ တစ်လေ
ရသစာတွေက
မျက်ရည်တွေပြည့်လို့

တစ်ခါတစ်လေ
သူတောင်းစားတွေက
နဂါးနီသီချင်းဆိုလို့

တစ်ခါ တစ်လေ
အချစ်ကျောင်းသူတွေ
မျက်ရည်ဝေ့လို့

တစ်ခါ တစ်လေ
စစ်ကိုထိန်းကျာင်းသူတွေ
မျက်ထောင့်တွေနီလို့

တစ်ခါတစ်လေ
အရက်သောက်သူတွေ
တရားမူး..မူးလို့

တစ်ခါ တစ်လေ
အပြုံးတွေလက်လက်အောက်
မာယာတွေပြည့်လို့

တစ်ခါ တစ်လေ
နှင်းမျက်နှာဖုံးအောက်
အပူမီးတို့ဒူးထောက်လို့

တစ်ခါ တစ်လေ
စိတ်ခြေရာတွေက
အရောင်တွေထပ်လို့

တစ်ခါ တစ်လေ
အသိတစ်ချို့က
နှစ်ချို့ဝိုင်လောက် မလတ်ဆတ်လို့

တစ်ခါ တစ်လေ
အသိတွေများပြီး
အသိလက်တွေ ဘေးချိတ်လို့

တစ်ခါ တစ်လေ
ဝင်သက်ထွက်သက်တွေ
ဝင်ပေါက်ထွက်ပေါက်မှားလို့

တစ်ခါ တစ်လေ
ညစ်ညစ်ညမ်းညမ်းတွေ
ယဉ်ကျေးမှု့တွေဖြစ်လို့

တစ်ခါ တစ်လေ
ကျော်ခွ တက်နင်းမှု့တွေက
သူရဲကောင်းဖြစ်လို့

တစ်ခါ တစ်လေ
အကြမ်းဖက်လုပ်ရပ်တွေကို
အောင်သေအောင်သားစားလို့

တစ်ခါ တစ်လေ
ဘီလူးခေါင်းတွေက
ရွှေပြည်အေးတရားပြလို့

တစ်ခါ တစ်လေ
ယဉ်ကျေးမှု့တွေက
အေးချမ်းမေ ရဲ့ တစ ဆီ ကြိုးပဲ့နေ သီချင်းသံပြိုင်ရွတ်လို့

တစ်ခါတစ်လေများ ...................

တစ်ခါ တစ်လေများ ..................

တစ်ခါ တစ်လေများ ...................

                                    မောင်ရေခဲ

Monday, May 27, 2013

မနက်ဖြန်များကိုစောင့်ကြည့်ခြင်း ( ၅ )

အသုံးနှုံးမှားခဲ့တဲ့
မီးပင်လယ်မြစ်တစ်စင်းက
အလင်းမှား ကောင်းကင်အောက်မှာ
လင်းလို့
ချင်းလို့
တသွင်သွင်စီးနေကျ
တောင်ကျချောင်းကလေး
ဒို့တတွေရဲ့ပျော်စံရာမှာတော့
ငယ်ကျွမ်းဆွေသီချင်းအတူရွတ်ဆိုခဲ့တယ်
ထန်နောင်းပင်ရိပ်တစ်ခုမှာ
သံပြိုင်ကဗျာတွေအတူရွတ်ဖူးတယ်
အလွဲတွေတွေ့တိုင်း  အတူရယ်မောဖူးတယ်
နက်ဖြန်တွေတိုင်း  ... ချာလီချက်ပလင်ရဲ့မျက်နှာထားကိုအတုခိုးဖူးတယ်
နိုးထဖို့ခက်တဲ့မနက်ခင်းတိုင်း
" ဂ " ငယ်ကွေ့တစ်ခုလို့ကွေ့ရခဲ့ရင်
ကြယ်တစ်သင်းနဲ့ မျက်နှာချင်းတေ့ပေးချင်ရဲ့
အာရုဏ်အခင်းအကျင်းတွေ
သက်တန့်ရောင်တက်လာကာမှ
သွက်သွက်လက်လက်ခါချ
ဒီခဏတွေတိုင်း
စာလွှာရ ခဲ့တောင် ဖွင့်ဖတ်ဖို့ခက်ခဲပြန်ပါပြီ    ။



                                                   မောင်ရေခဲ

မနက်ဖြန်များကိုစောင့်ကြည့်ခြင်း ( ၄ )

သဘာဝတရားရဲ့ငှက်သိုက်တစ်ခုဆီ
နောင်တ-တရားရဲ့အရိပ်တွေသန်းဟပ်လို့
ကလေးအငိုတိတ်ဖို့
သီချင်းသစ်တွေဖန်းတီးကြတယ်
တစ်ချို့
မျက်နှာလွှဲခြင်းတရားတွေနဲ့အလွမ်းသင့်ကြ
တစ်ချို့များ
ကိုယ်ချင်းစားသလိုတရားတွေနဲ့ကြိတ်ပုံးခုတ်ကြ
တကယ့်တရားစစ်တွေတော့ရှိရဲ့
အယ်ဒီအရာတွေအောက်မှာပါပဲ
သူတို့တွေအော်နေပေမယ့်
အသံတွေအက်ကုန်ပေါ့
နောက်ဆုံး
အလွယ်သုံးလောကဓံထဲသက်ဆင်း
ဒီတစ်နေ့လဲမိုးလင်းခဲ့ပြန်ပါပေါ့လား    ။



                  မောင်ရေခဲ


Sunday, May 26, 2013

မနက်ဖြန်များကိုစောင့်ကြည့်ခြင်း ( ၃ )

မနက်ဖြန်ဆိုတာ
မာယာများတတ်တဲ့ကဝေတစ်ကောင်ကိုပိုင်ဆိုင်ထားတယ်
စကားလုံးတွေထဲမှာချော်လဲတတ်တဲ့
ခြေတစ်ချောင်းလဲပိုင်ဆိုင်သေးရဲ့
အတွေးထဲခဏခဏစိုးမိုးတတ်သော
သောက..ဒုက္ခများ...အရာရာလေလွင့်ခံအတွေးတစ်ပိုင်းတစ်စ
ထုံဆေးတွေများနေသော မျက်နှာအပိုင်းအစများ
ခပ်ခွါခွါဖြစ်လာသော ..စိတ်ဝိညာဉ်များ
မျက်ရည်မိုးတွေကို တစ်ကြိုက်လောက်သောက်ချရသလို
ညိုညစ်ညစ်ပင်လယ်မှာ စီးဆင်းကုန်တယ်
ခပ်လွယ်လွယ်သင်ကြားခဲ့ရတဲ့ကျောင်းသင်ခန်းစာတွေ
ဒီတစ်ခါ ဝေလည်ကြောင်ပတ်ဖြစ်ကုန်ပေါ့
တကယ်တော့
မနက်ဖြန်ဆိုတာ
လိုတာထက်ပိုဝေးနေဆဲပါပဲလေ    ။

မောင်ရေခဲ

Sunday, May 12, 2013

မနက်ဖြန်များကိုစောင့်ကြည့်ခြင်း ( ၂ )

မျက်စောင်းတွေငဲ့ငဲ့မကြည့်ပါနဲ့
နေထိုင်တဲ့ရက်ကတိုတော့
စိုးထိတ်တဲ့ရက်တွေနဲ့ရင်ဆိုင်ရမှာစိုးလို့ပါ
 အဖန်တစ်ရာတေနေတဲ့အတုတွေကြား
တစ်ခါတစ်ခါ ငါပါအတုဖြစ်
ညစ်ထေးစွန်းရာတွေ
တစ်နေ့တခြားများများလာတယ်
ဝေးဝါးဝါး နက်ဖြန်တွေကတော့
ခပ်ပြုံးပြုံးဖြစ်ရော့ထင်
ရင်ခုန်ဖို့မေ့လျော့ခဲ့ပေါ့
ထုံဆေးတွေ ထုံလာတဲ့နေ့ညတွေထိ
ရိရွဲလိုက်ပါကြ
စိတ်စေရာလိုက်က
ညတွေတောင် " က " နေရော့ထင်
မြင်မြင်ရာ 
ကဝေတစ်ကောင် " က " နေသလိုပါပဲလေ  ။

မောင်ရေခဲ

Friday, May 10, 2013

မနက်ဖြန်များကိုစောင့်ကြည့်ခြင်း ( ၁ )

ပါးစပ်ရွဲ့တိုင်း
လေဖြတ်တယ်မထင်နဲ့
ခနဲ့တည့်တည့် နက်ဖြန်ကိုစောင့်နေသူပါ
မသေချာတာဘာဆန်းလဲ
သေချာတာဆိုလို့
မသေချာတာပဲရှိတာ
အလွဲတွေကိုမိတ်ဆက်ရင်းလောကဓံကိုကြိုဆို
အပိုအလိုတော့ရှိမှာပဲ
အရမ်းကြီးမတွေးနဲ့
ခေါင်းစားတယ်
အလွယ်ပဲမှတ်လိုက်
မနက်ဖြန်ဆိုတာ
ဒို့အတွက် အိုအေစစ်   ။

                  မောင်ရေခဲ

Sunday, May 5, 2013

မျိုမကျသော .....စိတ်ရင်းများ

ရင်တစ်ချက်ခတ်တိုင်း
ခြေလှမ်းမငြိမ်တော့ဘူး ကောင်မလေးရေ
ရင်အဝှေ့မှာ
ကံကြမ္မာအကြောင်းတွေးဖို့နေရာတွေပျောက်တယ်
အလွယ်လေးတွေးတိုင်း
ခက်တာမှမဟုတ်တာ
အလုပ်ဆိုတာ ကိုယ်တိုင်ထွန်ယက်မှ
အသီးကိုချစ်တတ်တာလေ
 ခပ်ထွေထွေသာ တွေးပစ်လိုက်ချင်တယ်
ပင်လယ်ကြီး အကြောင်း
လူတွေပြောတဲ့အချစ်တရား အကြောင်း
အလွမ်းတရား အကြောင်း
အမုန်းတရား အကြောင်း
 နောက်ဆုံး ဥပေက္ခာတရား အကြောင်း
မလုံလောက်တတ်တဲ့ဆန္ဒတွေ အကြောင်းဆိုပါစို့
တကယ်တော့
ဘဝဆိုတာ ခပ်ဖြေးဖြေးညဉ်းလိုက်ရတဲ့
အိပ်ယာဝင်တေးလောက်မှ မချိုမြိန်တာ
အိပ်မက်ဆိုတာ က လဲ နိုးထ ခြင်းရဲ့ တစ်ဖက်မှာ
မျက်ရည်ခါးခါး တွေပဲမျိုချ - ချနေရတယ်
ရှားရှားပါးပါး သစ္စာတရားတွေကိုတော့
 နင် ... ဖြိုမချလိုက်ပါနဲ့ လို့တော့ ဒူးထောက်လိုက်ချင်ရဲ့
အမြီးအမောက်မတည့်တဲ့လောကဓံနဲ့ကြုံတိုင်းပေါ့
ဆုံခဲ့တာတွေကို မမေ့ဖို့
အလုံ အခြုံ ဝတ်ဆင်ထားတဲ့
ကြင်နားတရာတွေလဲလိုတယ်
လိုအပ်ချက်တွေဆိုတာ
ပေါက်ဖွားလွယ်တဲ့ သတ္တဝါတစ်မျိုးပါပဲ
ရွေးချယ်စရာတွေများလာတဲ့အခါ
အမှားတွေက လက်ကမ်းလာတယ်
ကမ်းလက်တိုင်းသာ လှမ်းဖက်ကျေးသာဆို
ဒီတစ်သက်
ငါ
ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်ဆိုတာကိုပဲ
ထိုင်ပြီးတွေးတော့မယ်  ။


မောင်ရေခဲ







Thursday, April 4, 2013

သူဟာသူရဲကောင်း

သူဟာ သူရဲကောင်းပါ
ဘီလူးခေါင်း နဲ့ ဦးနှောက်မပါတဲ့ လူတစ်စုရဲ့လုပ်ရပ်
ခုတ်သတ်ခံနေရတဲ့ အခွင့်အရေးတွေ အတွက်
ရင်မအေးတတ်တဲ့ သူ့နှလုံးသားကို
ငါလေးစားတယ်

သူဟာ သူရဲကောင်းပါ
လူထုရဲ့ ဆန္ဒ တစ်သားတည်းဖြစ်အောင်ပြသ
ဘဝတွေမလှပတဲ့ သူရို့ဘဝထဲ
အကွဲအလွဲတွေကိုချုပ်စပ်ဖို့
လုပ်ဇာတ်တစ်ခုမှာ ကျိုးခဲ့ရတဲ့ ပြဇာတ်
ငါ့ အသက်နဲ့ သမိုင်းတင်တယ်

သူဟာ သူရဲကောင်းပါ
ကောင်းစားတဲ့ ဘဝကို ခဏမေ့
သူတောင်းစားသာသာ သူရို့ဘဝကို စာနာ
အလွှာချင်း ညီစေဖို့
ထုတ်ဆီးတိုးခဲ့တဲ့ သူ့ခြေထောက်
ရောက်ရာအရပ်တိုင်းအမှတ်ရတယ်

သူဟာ သူရဲကောင်းပါ
ထောင်ပေါင်းများစွာ သာယာစေဖို့
ဘဝတစ်ခုနဲ့ ကာရံ ဒဏ်ရာတွေကိုမမှု့
လုယူခဲ့ရတဲ့ အသက်ပေါင်းများစွာ
သူ အတွက် မနက်ဖြန်တိုင်းသာယာပါစေ

သူဟာ သူရဲကောင်းပါ
လမ်းကွဲပေါင်းများစွာ
လမ်းလွှဲ ပေါင်းများစွာ
အရာရာ မကွဲပြားစေဖို့
သူ့စိတ်နဲ့ သူ့အလုပ်
တဒုတ်ဒုတ်မြည်နေတဲ့
နရီ တွေစည်းချက်ညီစေဖို့
ဘဝပေးအလုပ်လိုသဘောထား
သူ့အဘိဓမ္မာတိုင်းကို
ငါနှစ်သက်တယ်

သူဟာ သူရဲကောင်းပါ ။

                              မောင်ရေခဲ
 

Wednesday, March 27, 2013

ခေါက်ရိုးကျိုးမြစ်တစ်စင်း

တိတ်တိတ်ကလေးကြိတ်ပိုး
အဆွေးခိုးမြူတိမ်
အရှိန်သတ်ခဲ့ရ
တစ်ဖတ်သတ်ဘွဲ့ရခဲ့ပေါ့
သူပျော်ရင်ကျေနပ်
သူငိုတော့မပျော်နိုင်
ခွေယိုင်လု  နှလုံးသား
လုံးပါး ပါးခဲ့ပြန်ပါပြီလေ
အလီလီ နှစ်လ
ချစ်သမျှအကြောင်း  ခ ပေါင်း
ရာသီတွေတောင်စီးဆင်း
လွမ်း ခ ရာသီထဲမျောဝင်
ချစ်သမျှပတ်ပျိုးကိုနားဆင်ပါ
လွမ်းရင်းငို  ငိုရင်းလွမ်း
စိတ်နဲ့ ထမ်း ထမ်း ထားရတဲ့ ရက်တစ်ချို့
ပြိုကျမှာတောင်စိုးရ ရဲ့
အနီးရှိတော့ မသိသာ
အနေကွာ ဟိုးအဝေး
မကြာမကြာလေးသတိယ တတ်လာတယ်
တဖြေးဖြေးတိုးတက်
သံယောဇဉ်နဲ့ ယက်တဲ့ အဝတ်ကို ဝတ်တတ်ခဲ့ပေါ့
မချွတ်တမ်းဝတ်ဆင်
တစ်နွယ်ငင် တစ်စဉ်တက်
ရက်စက်မှာလဲကြောက်တယ်ကွယ်
ခေါက်ရိုးကျိုးနေ့ရက်တွေ နေသားကျ
ရရသမျှ ကံကြမ္မာ
ဒီတစ်ခါလဲ အဆွေးကမ္ဘာထဲဆွဲခေါ်တယ်
ပြောမိပါရဲ့
ဟို အကြောင်း
ဒီ အကြောင်း
လမ်းကြောင်းတွေ ရှန်တိန်ဖြစ်ခဲ့
အနေမတည်တဲ့ ကဗျာ
ငါ့ကိုယ် ငါပဲအပြစ်တင်တော့မယ်
အလွှာထဲက အလွှာ
ဘဝအလွှာတွေ ချုပ်ရိုးကွဲ
ငါ့ အသည်းက သွေးစ သွေးန တွေ
မင်းမြင်ရင် အပြစ်မတင်ပါနဲ့
လူသားရဲ့သရုပ်
ဓမ္မ နဲ့ မထုပ်နိုင်တဲ့
( ဒီတစ်ခါလဲ )
ငါ့ကိုယ်ငါပဲအပြစ်တင်ပါရစေ


မောင်ရေခဲ
http://maungyaykhe.blogspot.com/
http://dmoethar.blogspot.com/2013/03/blog-post_3956.html

Wednesday, March 6, 2013

ထိုးကျွေးခဲ့ရသောညများ

သေသေသပ်သပ်ထုဆစ်ထားတဲ့
လောကဝတ်တစ်ခုပါ
ဒဏ်ရာအနာတရများစွာ
ညောင်ညိုပင်မြစ်ကမ်းနဘေးမှာ
မျက်ရည်နဲ့ထိုးထိုးကျွေးထားတဲ့တိမ်တိုက်တွေ
သက်တန့်ရောင်စုံတွေကြားမှာစုံးစုံးမြုပ်
တကယ်ဆို
အချစ်က-အတို့ အမြုတ်မှမဟုတ်တာ  ။

အနာမကျက်တဲ့ နေ့ရက်တွေကြားထဲ
လူးလား ခေါက်တုန်  ရုံးကန်
သရုပ် သဏ္ဍာန်တွေကင်းလာတဲ့
ရုပ်လောက ထဲမှာ
အသေမျက်နှာဖုံးတွေစွပ်
ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင်ဖို့
ကဲ...
ဘယ်သူတွေအသက်သွင်းမလဲ ...။

ချွင်းချက်ဆိုတာတွေ ကို ကိုင်ပြီး
တိုင် ဆွဲဆွဲ လှုပ်တတ်တဲ့ သစ်ကိုင်း ကလေးရေ
လေပြေလာတိုင်း ယိမ်းတာကောင်းပေမယ့်
မာယာယိမ်းတွေ နဲ့ တော့
က-ပွဲမဆင်နွဲပါနဲ့
ဒီမှာ
နှလုံးသားကို ဒုတိယဘုရားလိုကိုးကွယ်ထားတာမို့ပါ ။
ခံတပ်တွေမလုံတဲ့ ငါ့နှလုံးသားရပ်ဝန်း
အားနည်းချက်သိပြီး မဖိပါနဲ့
တကယ်တော့
အသက်ရူကြပ်ခဲ့တာလဲကြာပါပြီလေ  ....။


မောင်ရေခဲ











Tuesday, March 5, 2013

ငဒို့ ..ဝန်းကျင်မှာ...

စိတ်ကူးတွေကိုထွန်ယက်ရင်း
ကိုယ့်လမ်းကိုလျှောက်ကြည့်တာ
ရေခမ်းတဲ့မြစ်ဆိုတာ
ငါဘယ်သိပါ့မလဲ
ရေကူးရင်း ရေခမ်း
အရူးအနှမ်းကမ္ဘာလောက
စိတ်ကို စိတ်ချင်းကုစားတာတောင်
မြုံး ဝ မှာတစ်တစ်နေတယ်
အရစ်အခွေလွယ်လှတဲ့
ပုတ်သင်ညိုတွေကြားမှာ
ကိုယ့်ကြိုးကွင်းကိုယ်စွပ်
လွတ်လွတ်ကျွတ်ကျွတ်သေကြည့်တာတောင်
ဂယောင်ချောက်ခြား ထ ကြည့်ရတဲ့အဖြစ်
နောက်တစ်ခါ
ငါ
တစ်...နှစ်...သုံး...လေး...ဂဏန်းတွေမရေတွက်တော့ဘူး
တိုင်ပင်ညှိဖို့
ဒို့လူဖြစ်လာတာမှမဟုတ်တာ
အဟုတ် နဲ့ အရှိ ညီမျှခြင်းချ
ရလဒ်တွေ တူညီဖို့
ငြိမ်းချမ်းခြင်းအဖြေထွက်ဖို့
လူ ကို လူနဲ့
စိတ် ကို စိတ်နဲ့
ဝန်းကျင်းချင်းအဖြေညှိ
မထိခိုက်ကြေးပေါ့
စိတ်လိုက်နဲ့မာန်ပါ
အလှမ်းတွေခြေရာထပ်ကုန်တော့
ငိုပွဲစားဖို့နေ့ရက်တွေနဲ့
ငဒို့ နဘမ်းလုံးနေရတယ်
ဝုန်းဝုန်းဒိုင်းဒိုင်းတွေချုပ်ငြိမ်းဖို့
တဒုတ်ဒုတ်ခုန်နေတယ်နှလုံးသားအသိရှိဖို့လိုမယ်
ပန်းတွေချစ်တတ်တဲ့
ဥယျာဉ်မှူး ရဲ့ လက်တစ်စုံလဲလိုမယ်
နောက်ဆုံးတော့
အဝတ်လဲကြည့်တတ်တဲ့စိတ်တစ်စုံကအဓိကပါပဲလေ  ။


မောင်ရေခဲ