Tuesday, June 25, 2013

အတ္တ နဲ့ စစ်ခင်းခြင်း

ငါက ယတြာ အချေမှားခဲ့သူပါ
ငှက်ကလေး တွေကိုလွတ်လပ်စွာပျံသန်းစေခဲ့ပြီးမှ
သစ်ပင်မစိုက် ဘူးလိုက်သူ လို
ဖုန်တောင်းယာစကာတွေကိုအစာရေစာကျွေးပြီးမှ
နတ်ကွန်းမဆောက်ဘူးလိုက်သူလို
တကယ်တော့
ယုံစားမှု့တွေကို အန်မထုတ်ခဲ့တာပါ
ငါ-လာခဲ့တာ လူ့လောက လေ
မျက်စိမရှိတဲ့မျက်စိတွေတပ်ဆင်ထားကြ
နားမရှိတဲ့နားတွေကို တပ်ဆင်ထားကြ
အစကဘယ်ရိပ်မိပါ့ မလဲ
တိတ်တိတ်ကလေးထွက်ပြေးပြေးနေတဲ့
ရိုးသားမှု့နောက်က မရိုးသားမှု့များ
မျက်ကြည်လွှာနောက်က
အနက်ရောင်မီးတောက်များ
အခေါက်ခေါက်အခါခါဖြတ်နင်းတော့
စိတ်ကိုစိတ်နဲ့အသတ်ခံလိုက်ရတဲ့ဝိညဉ်လို
မောလျ နွမ်းကျ
ငါက ယတြာ အချေမှားခဲ့သူပါ 
အသက်မှားသွင်းမိတဲ့ ပညာမဲ့အတတ်သင်ဆရာလို
ကလေးချော့တေးအစား
သေနတ်ဆိုတာ.............
ဟစ်ကျွေးခဲ့တဲ့ တစ်ချိန်က သူ ကြီးလို
နှောင်းခေတ်မှာတော့
လူ့ကျင့်ဝတ်တွေကို ချချ ရောင်းနေကြတဲ့ 
ငှတ်တစ်သိုက်လို
လည်ချောင်းဝ မှာပဲ ပလုံစီရင်း 
ကျွံဝင်သွားတဲ့ စကားလုံးတွေလိုက်ငေးနေရတဲ့ 
ငါ့အဖြစ်
တကယ်တော့
ငါက ယတြာ အချေ မှားခဲ့သူပါ
ပိုးကြေး ပန်းကြေး အတွက်
ပန်းတစ်ခက်ကို လှမ်းသတ်ခဲ့တဲ့ နေ့ရက်တွေ
ပန်းပွင့်လှလှလေးတွေ ပန်ဆင်ခွင့်မရခင်ပဲ
ပန်းပွင့်ကကြွေနှင့်ပေါ့
အသူရာတွေနဲ့စစ်ခင်းခင်းနေတဲ့ သိကြားမင်းလို
ငါ့အတွေးတွေ အဝေးမမှုံရင်
ဒီ ကဗျာကို ငရုပ်စုံထဲထည့်ထောင်းမယ်
နောက်ဆုံးတော့လဲ
ရင်ဘတ်တွေ တလိပ်လိပ်အံကြိတ်လို့
အိပ်တန်းတက်မနက်တိုင်း မသာ မယာရှိခဲ့တာပါပဲ
အတုံးအရုံး တဲ့ အယ်ဒီအသံကြားရင်
ငါ ရင်နာလို့မဆုံးဘူး
ဘုံပျောက်ရင်း ရူးရူးသွားကြတဲ့
လက်ဖြန့်ခံတွေအတွက်ပေါ့
အလဲလဲ အကွဲကွဲ
ကိုငှက်ကြီး ရဲ့ တစ်နေ့စာအလွဲများသီချင်းကိုညည်းရင်း
ငါက
ယတြာ အချေ မှားခဲ့သူပါ
 

 မောင်ရေခဲ







 
 

 

Sunday, June 9, 2013

မသဲမကွဲ အိပ်မက်အချို့

မဆိုင်တဲ့ သစ်အိုပင်အောက်
မဆိုင်တဲ့ ငှက်တွေက
အငန်းမရ နားလို့
ရုတ်ရုတ်တော့မလုပ်နဲ့ 
သစ်ငုတ်တွေတောင်ပြာချနေတဲ့ ခေတ်ကြီးထဲ
လူဖြစ် နာသွားမယ်
သွားတဖြဲဖြဲ ဝံပုလွေလောက
ဇာတ်ဆောင်တွေများတဲ အခန်းတွေက ကန့်လန်တွေများ
ဇာတ်မတိုက်ဘဲ " က " နေသော လောကလူရွှင်တော်များ
တသောသောနဲ့ မဟောဘဲရယ်နေသော ပရိသတ်များ
များတကာများထဲမှာ
အလွယ်ကြိုက်က အဆိုးဆုံး
ရိုးရှင်းပါတယ်-လို့မကြွေးကြွော်နဲ့တော့
ဈေးတွေပေါနေလို့
ချောဆွဲစရာတွေရှားလို့ဗျာ
ဘာသာတရားကိုတောင် အလွတ်မထားခဲ့
ချွတ်ခြုံကျခဲ့တဲ့ ဝိညာဉ်တွေကတစ်ပုံတစ်ပင်
လွင်ပြင်မှာပြန်ကျဲ
သဲကွဲပါတယ်ဆိုတဲ့ အနာဂတ်တွေတောင်စီးမျောခဲ့
လောကဓံကို ကြိုတင်လေ့ကျင့်ခဲ့တဲ့
သံလွင်ငှတ်တို့ရေ
ဒူးမထောက်ခဲ့တဲ့ မင်းတို့ရဲ့
နှလုံးသွေးတွေနဲ့ ဒို့တွေလည်ပတ်ခဲ့တာပါ
အဆုံးအစမဲ့ခဲ့တဲ့ မျက်လုံးတွေဖြစ်အောင်
မင်းတို့ဖန်ဆင်းခဲ့တာပါ
ဝမ်းမြောက်ပါတော့
မင်းတို့မြင်နိုင်မယ်ဆိုရင်
ဒီတစ်ခါမြင်မိတဲ့မြင်ကွင်း
မင်းတို့တပ်လှန့်မိမှာပါပဲလေ





                                                              မောင်ရေခဲ

Tuesday, June 4, 2013

နွေတေးမဆိုရ

အလွမ်းတွေရင်မှာပြည့်တောင်မှ
ပန်းသခင်းရင်မှာ မလန်းနိုင်ဘု
ကြွေကျရာ သခင်ပန်းပွင့်ရင်
စေ...စေ ..ရာ မြင်တိုင်းပန်းတွေပ
လွမ်းတိုင်းပွင့်စေ
နွေတေးတွေမဆိုခိုင်းပါနဲ့
အနေဝေးလေသူမှာ
ဗလောင်းဆူ ရင်သတ်ကွင်းထဲ
အလဲ အကွဲ
သံစဉ်ပျက် ကာရံမဲ့ တေးသီရာနွေကာလ
နွေဦးကိုဘယ်လိုပြောပြရပါ့မလဲ
မျက်နှာပူတယ်
အပူကြွယ်ရင်မှာမအေးသူရဲ့
ဒီလူမှာ ရင်မငြိမ်းနိုင်ဘု
မျှော်တော်ယောင် သဉ္ဖာခန်းမှာ
အလွမ်းတွေမသိမ်းပိုက်မိစေဖို့
မှန်းမျှော်ရာ သခင့်အတွက်
နေ့ရက်တိုင်း ဆုတောင်းတယ်
တူပေါင်းရွယ်
သံသရာမကုန်သရွေ့ပေါ့
ဖန် ဖန် လာ လောက ကောင်း-ဆိုး
မရိုးအောင်ဘယ်လို ချည်နှောင်လဲ
သေကောင်ပေါင်းလဲ
အဆုံးသတ်ဘဝတစ်ခု
ရောက်လုတဲ့အထိခရီးဆက်
ဘဝတိုင်းလက်ဆက်ချင်မိပါရဲ့


                                                           မောင်ရေခဲ

Wednesday, May 29, 2013

တစ်ခါ တစ်လေများ


တစ်ခါ တစ်လေ
စိတ်နာစရာတစ်ချို့က
ရသ..စာဖြစ်လို့

တစ်ခါ တစ်လေ
စစ်ပွဲတွေက
ဟာသတစ်ပုဒ်ဖြစ်လို့

တစ်ခါ တစ်လေ
အချစ်နွဲသူတွေက
စစ်ပွဲတွေနွဲလို့

တစ်ခါ တစ်လေ
ရသစာတွေက
မျက်ရည်တွေပြည့်လို့

တစ်ခါတစ်လေ
သူတောင်းစားတွေက
နဂါးနီသီချင်းဆိုလို့

တစ်ခါ တစ်လေ
အချစ်ကျောင်းသူတွေ
မျက်ရည်ဝေ့လို့

တစ်ခါ တစ်လေ
စစ်ကိုထိန်းကျာင်းသူတွေ
မျက်ထောင့်တွေနီလို့

တစ်ခါတစ်လေ
အရက်သောက်သူတွေ
တရားမူး..မူးလို့

တစ်ခါ တစ်လေ
အပြုံးတွေလက်လက်အောက်
မာယာတွေပြည့်လို့

တစ်ခါ တစ်လေ
နှင်းမျက်နှာဖုံးအောက်
အပူမီးတို့ဒူးထောက်လို့

တစ်ခါ တစ်လေ
စိတ်ခြေရာတွေက
အရောင်တွေထပ်လို့

တစ်ခါ တစ်လေ
အသိတစ်ချို့က
နှစ်ချို့ဝိုင်လောက် မလတ်ဆတ်လို့

တစ်ခါ တစ်လေ
အသိတွေများပြီး
အသိလက်တွေ ဘေးချိတ်လို့

တစ်ခါ တစ်လေ
ဝင်သက်ထွက်သက်တွေ
ဝင်ပေါက်ထွက်ပေါက်မှားလို့

တစ်ခါ တစ်လေ
ညစ်ညစ်ညမ်းညမ်းတွေ
ယဉ်ကျေးမှု့တွေဖြစ်လို့

တစ်ခါ တစ်လေ
ကျော်ခွ တက်နင်းမှု့တွေက
သူရဲကောင်းဖြစ်လို့

တစ်ခါ တစ်လေ
အကြမ်းဖက်လုပ်ရပ်တွေကို
အောင်သေအောင်သားစားလို့

တစ်ခါ တစ်လေ
ဘီလူးခေါင်းတွေက
ရွှေပြည်အေးတရားပြလို့

တစ်ခါ တစ်လေ
ယဉ်ကျေးမှု့တွေက
အေးချမ်းမေ ရဲ့ တစ ဆီ ကြိုးပဲ့နေ သီချင်းသံပြိုင်ရွတ်လို့

တစ်ခါတစ်လေများ ...................

တစ်ခါ တစ်လေများ ..................

တစ်ခါ တစ်လေများ ...................

                                    မောင်ရေခဲ

Monday, May 27, 2013

မနက်ဖြန်များကိုစောင့်ကြည့်ခြင်း ( ၅ )

အသုံးနှုံးမှားခဲ့တဲ့
မီးပင်လယ်မြစ်တစ်စင်းက
အလင်းမှား ကောင်းကင်အောက်မှာ
လင်းလို့
ချင်းလို့
တသွင်သွင်စီးနေကျ
တောင်ကျချောင်းကလေး
ဒို့တတွေရဲ့ပျော်စံရာမှာတော့
ငယ်ကျွမ်းဆွေသီချင်းအတူရွတ်ဆိုခဲ့တယ်
ထန်နောင်းပင်ရိပ်တစ်ခုမှာ
သံပြိုင်ကဗျာတွေအတူရွတ်ဖူးတယ်
အလွဲတွေတွေ့တိုင်း  အတူရယ်မောဖူးတယ်
နက်ဖြန်တွေတိုင်း  ... ချာလီချက်ပလင်ရဲ့မျက်နှာထားကိုအတုခိုးဖူးတယ်
နိုးထဖို့ခက်တဲ့မနက်ခင်းတိုင်း
" ဂ " ငယ်ကွေ့တစ်ခုလို့ကွေ့ရခဲ့ရင်
ကြယ်တစ်သင်းနဲ့ မျက်နှာချင်းတေ့ပေးချင်ရဲ့
အာရုဏ်အခင်းအကျင်းတွေ
သက်တန့်ရောင်တက်လာကာမှ
သွက်သွက်လက်လက်ခါချ
ဒီခဏတွေတိုင်း
စာလွှာရ ခဲ့တောင် ဖွင့်ဖတ်ဖို့ခက်ခဲပြန်ပါပြီ    ။



                                                   မောင်ရေခဲ

မနက်ဖြန်များကိုစောင့်ကြည့်ခြင်း ( ၄ )

သဘာဝတရားရဲ့ငှက်သိုက်တစ်ခုဆီ
နောင်တ-တရားရဲ့အရိပ်တွေသန်းဟပ်လို့
ကလေးအငိုတိတ်ဖို့
သီချင်းသစ်တွေဖန်းတီးကြတယ်
တစ်ချို့
မျက်နှာလွှဲခြင်းတရားတွေနဲ့အလွမ်းသင့်ကြ
တစ်ချို့များ
ကိုယ်ချင်းစားသလိုတရားတွေနဲ့ကြိတ်ပုံးခုတ်ကြ
တကယ့်တရားစစ်တွေတော့ရှိရဲ့
အယ်ဒီအရာတွေအောက်မှာပါပဲ
သူတို့တွေအော်နေပေမယ့်
အသံတွေအက်ကုန်ပေါ့
နောက်ဆုံး
အလွယ်သုံးလောကဓံထဲသက်ဆင်း
ဒီတစ်နေ့လဲမိုးလင်းခဲ့ပြန်ပါပေါ့လား    ။



                  မောင်ရေခဲ


Sunday, May 26, 2013

မနက်ဖြန်များကိုစောင့်ကြည့်ခြင်း ( ၃ )

မနက်ဖြန်ဆိုတာ
မာယာများတတ်တဲ့ကဝေတစ်ကောင်ကိုပိုင်ဆိုင်ထားတယ်
စကားလုံးတွေထဲမှာချော်လဲတတ်တဲ့
ခြေတစ်ချောင်းလဲပိုင်ဆိုင်သေးရဲ့
အတွေးထဲခဏခဏစိုးမိုးတတ်သော
သောက..ဒုက္ခများ...အရာရာလေလွင့်ခံအတွေးတစ်ပိုင်းတစ်စ
ထုံဆေးတွေများနေသော မျက်နှာအပိုင်းအစများ
ခပ်ခွါခွါဖြစ်လာသော ..စိတ်ဝိညာဉ်များ
မျက်ရည်မိုးတွေကို တစ်ကြိုက်လောက်သောက်ချရသလို
ညိုညစ်ညစ်ပင်လယ်မှာ စီးဆင်းကုန်တယ်
ခပ်လွယ်လွယ်သင်ကြားခဲ့ရတဲ့ကျောင်းသင်ခန်းစာတွေ
ဒီတစ်ခါ ဝေလည်ကြောင်ပတ်ဖြစ်ကုန်ပေါ့
တကယ်တော့
မနက်ဖြန်ဆိုတာ
လိုတာထက်ပိုဝေးနေဆဲပါပဲလေ    ။

မောင်ရေခဲ

Sunday, May 12, 2013

မနက်ဖြန်များကိုစောင့်ကြည့်ခြင်း ( ၂ )

မျက်စောင်းတွေငဲ့ငဲ့မကြည့်ပါနဲ့
နေထိုင်တဲ့ရက်ကတိုတော့
စိုးထိတ်တဲ့ရက်တွေနဲ့ရင်ဆိုင်ရမှာစိုးလို့ပါ
 အဖန်တစ်ရာတေနေတဲ့အတုတွေကြား
တစ်ခါတစ်ခါ ငါပါအတုဖြစ်
ညစ်ထေးစွန်းရာတွေ
တစ်နေ့တခြားများများလာတယ်
ဝေးဝါးဝါး နက်ဖြန်တွေကတော့
ခပ်ပြုံးပြုံးဖြစ်ရော့ထင်
ရင်ခုန်ဖို့မေ့လျော့ခဲ့ပေါ့
ထုံဆေးတွေ ထုံလာတဲ့နေ့ညတွေထိ
ရိရွဲလိုက်ပါကြ
စိတ်စေရာလိုက်က
ညတွေတောင် " က " နေရော့ထင်
မြင်မြင်ရာ 
ကဝေတစ်ကောင် " က " နေသလိုပါပဲလေ  ။

မောင်ရေခဲ

Friday, May 10, 2013

မနက်ဖြန်များကိုစောင့်ကြည့်ခြင်း ( ၁ )

ပါးစပ်ရွဲ့တိုင်း
လေဖြတ်တယ်မထင်နဲ့
ခနဲ့တည့်တည့် နက်ဖြန်ကိုစောင့်နေသူပါ
မသေချာတာဘာဆန်းလဲ
သေချာတာဆိုလို့
မသေချာတာပဲရှိတာ
အလွဲတွေကိုမိတ်ဆက်ရင်းလောကဓံကိုကြိုဆို
အပိုအလိုတော့ရှိမှာပဲ
အရမ်းကြီးမတွေးနဲ့
ခေါင်းစားတယ်
အလွယ်ပဲမှတ်လိုက်
မနက်ဖြန်ဆိုတာ
ဒို့အတွက် အိုအေစစ်   ။

                  မောင်ရေခဲ

Sunday, May 5, 2013

မျိုမကျသော .....စိတ်ရင်းများ

ရင်တစ်ချက်ခတ်တိုင်း
ခြေလှမ်းမငြိမ်တော့ဘူး ကောင်မလေးရေ
ရင်အဝှေ့မှာ
ကံကြမ္မာအကြောင်းတွေးဖို့နေရာတွေပျောက်တယ်
အလွယ်လေးတွေးတိုင်း
ခက်တာမှမဟုတ်တာ
အလုပ်ဆိုတာ ကိုယ်တိုင်ထွန်ယက်မှ
အသီးကိုချစ်တတ်တာလေ
 ခပ်ထွေထွေသာ တွေးပစ်လိုက်ချင်တယ်
ပင်လယ်ကြီး အကြောင်း
လူတွေပြောတဲ့အချစ်တရား အကြောင်း
အလွမ်းတရား အကြောင်း
အမုန်းတရား အကြောင်း
 နောက်ဆုံး ဥပေက္ခာတရား အကြောင်း
မလုံလောက်တတ်တဲ့ဆန္ဒတွေ အကြောင်းဆိုပါစို့
တကယ်တော့
ဘဝဆိုတာ ခပ်ဖြေးဖြေးညဉ်းလိုက်ရတဲ့
အိပ်ယာဝင်တေးလောက်မှ မချိုမြိန်တာ
အိပ်မက်ဆိုတာ က လဲ နိုးထ ခြင်းရဲ့ တစ်ဖက်မှာ
မျက်ရည်ခါးခါး တွေပဲမျိုချ - ချနေရတယ်
ရှားရှားပါးပါး သစ္စာတရားတွေကိုတော့
 နင် ... ဖြိုမချလိုက်ပါနဲ့ လို့တော့ ဒူးထောက်လိုက်ချင်ရဲ့
အမြီးအမောက်မတည့်တဲ့လောကဓံနဲ့ကြုံတိုင်းပေါ့
ဆုံခဲ့တာတွေကို မမေ့ဖို့
အလုံ အခြုံ ဝတ်ဆင်ထားတဲ့
ကြင်နားတရာတွေလဲလိုတယ်
လိုအပ်ချက်တွေဆိုတာ
ပေါက်ဖွားလွယ်တဲ့ သတ္တဝါတစ်မျိုးပါပဲ
ရွေးချယ်စရာတွေများလာတဲ့အခါ
အမှားတွေက လက်ကမ်းလာတယ်
ကမ်းလက်တိုင်းသာ လှမ်းဖက်ကျေးသာဆို
ဒီတစ်သက်
ငါ
ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်ဆိုတာကိုပဲ
ထိုင်ပြီးတွေးတော့မယ်  ။


မောင်ရေခဲ







Thursday, April 4, 2013

သူဟာသူရဲကောင်း

သူဟာ သူရဲကောင်းပါ
ဘီလူးခေါင်း နဲ့ ဦးနှောက်မပါတဲ့ လူတစ်စုရဲ့လုပ်ရပ်
ခုတ်သတ်ခံနေရတဲ့ အခွင့်အရေးတွေ အတွက်
ရင်မအေးတတ်တဲ့ သူ့နှလုံးသားကို
ငါလေးစားတယ်

သူဟာ သူရဲကောင်းပါ
လူထုရဲ့ ဆန္ဒ တစ်သားတည်းဖြစ်အောင်ပြသ
ဘဝတွေမလှပတဲ့ သူရို့ဘဝထဲ
အကွဲအလွဲတွေကိုချုပ်စပ်ဖို့
လုပ်ဇာတ်တစ်ခုမှာ ကျိုးခဲ့ရတဲ့ ပြဇာတ်
ငါ့ အသက်နဲ့ သမိုင်းတင်တယ်

သူဟာ သူရဲကောင်းပါ
ကောင်းစားတဲ့ ဘဝကို ခဏမေ့
သူတောင်းစားသာသာ သူရို့ဘဝကို စာနာ
အလွှာချင်း ညီစေဖို့
ထုတ်ဆီးတိုးခဲ့တဲ့ သူ့ခြေထောက်
ရောက်ရာအရပ်တိုင်းအမှတ်ရတယ်

သူဟာ သူရဲကောင်းပါ
ထောင်ပေါင်းများစွာ သာယာစေဖို့
ဘဝတစ်ခုနဲ့ ကာရံ ဒဏ်ရာတွေကိုမမှု့
လုယူခဲ့ရတဲ့ အသက်ပေါင်းများစွာ
သူ အတွက် မနက်ဖြန်တိုင်းသာယာပါစေ

သူဟာ သူရဲကောင်းပါ
လမ်းကွဲပေါင်းများစွာ
လမ်းလွှဲ ပေါင်းများစွာ
အရာရာ မကွဲပြားစေဖို့
သူ့စိတ်နဲ့ သူ့အလုပ်
တဒုတ်ဒုတ်မြည်နေတဲ့
နရီ တွေစည်းချက်ညီစေဖို့
ဘဝပေးအလုပ်လိုသဘောထား
သူ့အဘိဓမ္မာတိုင်းကို
ငါနှစ်သက်တယ်

သူဟာ သူရဲကောင်းပါ ။

                              မောင်ရေခဲ