Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, January 12, 2013

ဝဋ်နာ

မြောက်ပြန်လေမိုးနှောင်း
ချောင်းနေတဲ့ဟေမာန်   ။

ကံဝဋ်တွေစက်ဘီးလှည့်
လည်ခဲ့ပေါ့ ဒီဒဏ်   ။

ခိုင်းစေရာအတ္တပျက်
ကပျက်ကယက် လုပ်လွှတ်
ရုပ်ပျက်အောင်ပြုကြ   ။

 တစ်လှိုင်းဆင် တစ်လှိုင်းတက်
အိုင်းချင်းတွေတိတ်တိတ်ရွတ်
လွတ်ကျွတ်အောင်ပ   ။


                                               မောင်ရေခဲ
(ကိုကြီးနေဇော်လင်းဆိုဒ်ကိုပို့ဖူးတဲ့ကဗျာလေးပါ)

Sunday, December 30, 2012

သခင့်သစ္စာ ( သို့ ) ကြားသိစေ

( ၁ )

မဝေခွဲနိုင်ဘု
ကြွေရက်တွေ နွေလယ်တောမှာ
အမောစို့စဉ်
ခဏတွင်းမှာပဲ
အလွှာအတင်းဝေးလေတော့
ငိုပွဲကဆင်  ။

( ၂ )

လေးညှို့ရှင်  ဘုရင်အဖြစ်နဲ့
 မကြင်လို့ သခင်ပစ်လဲ
မလွှဲသာ ရှောင်ခွါတိမ်းရတယ်
ထင်လိုက်မယ်ခင်
" မကြင်လို့" ဟုတ်ဘူးရယ်ပ
စိတ်ထဲမှာတွင်တွင်ချ
ပြိုကျရော့ထင်   ။

( ၃ )

တင်ကာလေ ရင်ပြင်ထက်ကိုလ
လွင်ပြာဝေ  သည်မောင် ကောင်းကင်က
ဘဝအမောတွေ ဘယ်လိုစို့သော်လည်း
ချေပေါ့စိတ်လွင်
စိတ်အသွင် သခင်လန်းစေဖို့
မမေ့အစဉ် ဒီလိုညတွေတိုင်း
မအိပ်ချင် ရွှင်ရွှင်ပြနေပေါ့
ပိုရော့မထင်   ။

( ၄ )

တင်ပမာ ယှဉ်ကာ နှိုင်းချင်ရဲ့
ပြည်မြန်မာ အသွင်သမိုင်းကိုလ
နှိုင်းဆ ဆင်ခြင်
အရိုင်း နဲ့ အယဉ်
ရှု့မြင်ကာ သခင်သုံးသပ်ပ
" သူ " မြင်ချင် မြန်ပြည်ဒီဇိုင်းကိုလဲ
မမေ့စေချင်   ။

( ၅ )

မိုးရာသီ အခါခါပြောင်း
ရွက်ဟောင်းချိန် ဘယ်လိုနှောင်းပေမင့်
ရင်တွင်းမှာအသွင်သစ်တွေနှင့်
ပျိုမြစ်သစ်လွင်
နဂိုဖြစ် ချစ်ပင်လယ်မှာ
ချစ်ကြင်သူ ဘယ်လိုပေါများလဲ
ဖွဲ - ဇကွဲ ထင်   ။

( ၆ )

သို့ပေမင့် သခင့် အသွင်ဟာ
အမုန်းတွေပေါလို့ဟုတ်ပါဘု
အချစ်တွေဘဝဆုံးတဲ့အထိ
ပုံအောကာ အကုန်ချစ်မိတော့
စိတ်သစ် ပျိုမြစ်ပေါ့ထင်
ချိုသကာ ပျိုကညာ အပါးမှာဖြင့်
ခိုဝင်ကာ သခင်နားပြီမို့
ခါးတမာ သစ္စာမဲ့မှု့ကို
တစ်သက်တာပြုဘူးကွဲ့လေး   ။


မောင်ရေခဲ
(မမလေး တင်တင်မိုး - အတွက်အမှတ်တရ-ကဗျာလေးပါ )
မလေးရဲ့ မောင်

Wednesday, December 19, 2012

ကြွေ - မျက်ရည်

နှင်းဆီပန်းပင်ကလေးက
နှင်းဆီပန်းကလေးကိုပြောတယ်ကွဲ့   ..  အချစ်ရဲ့
မင်းဟာ ငါ့ဘဝ အတွက်
အဦးဆုံး ပထမဆုံး ပွင့်တဲ့ပန်းပါ
လှပစွာဖူးပွင့်နိုင်ဖို့ 
ခန့်ညားစွာ ပြုံးနိုင်ဖို့
ရှိရှိသမျှအင်အား
နှလုံးသားရဲ့ အဆီအနှစ်
စုပုံပြီးချစ်ခဲ့တယ်
မင်းအတွက်တဲ့ ရက်ရက်ရောရောပေးဆပ်
နှောင်ကြိုးတွေတောင်ဖြတ်မရဘူး
သနားတယ်ဆိုရင်
အနားကမခွါပါနဲ့လားကွယ်
ဘဝမှာ မင်းမှလွဲ
ငါ့ မျက်နှာဘယ်လောက်မွဲမွဲ
တခြားပန်းတွေဘယ်လောက်လန်းလန်း
ရင်ဘတ်မှာ အဆန်းမထင်တော့လို့ပါ
မင်းက ငါ့ရဲ့ အချစ်ဦးမို့ပါ
မင်းက ငါ့ရဲ့ တစ်ဦးတည်းသောချစ်ဦးသူမို့ပါ
တကယ်လို့
တစ်ပါးသူ ရင်ခွင်
မင်းနားဝင် ကိုးစားမှဖြင့်
မျက်ရည်မိုးတွေဖြိုင်ဖြိုင်သွန်းရစ်
အသဲကွဲသီချင်းတွေ သံကုန်ဟစ်
သေပွဲ ကို ကြေကွဲစွာ ဝင်ပစ်ရမယ်ထင်ရဲ့
ရက်စက်လိုက်တာပန်းကလေးရယ်
ငြီးရင်းအဆုံးသတ် ကြည့်
မင်းကိုငါမေးမိမယ်ထင်ရဲ့
ငါ့အတွက် မျက်ရည်တစ်ပေါက်လောက်ကျပေးနိုင်မလား တဲ့
ဆိုပါတော့
ကဲ
ဒီတစ်ခါ 
ကိုယ်က ပန်းပင်ဖြစ်
ချစ်ဘယ်လိုပြောမလဲ
ကိုယ်သိချင်ရဲ့ကွယ်    ။

(  ရှိုင်းနောင် - အတွက် အမှတ်တရ ကဗျာလေးပါ )
ခင်မင်စွာဖြင့်

မင်းရဲ့ သူငယ်ချင်း

       မောင်ရေခဲ  


 

 

Thursday, December 13, 2012

ရွေးချယ်ခွင့်

မင်းပျော်ရမယ်  ၊  မော်ရမယ်
အမယ်မယ်ကတိတွေနဲ့
ခေါ်ခဲ့ဘူးကွယ်  ။

ရိုးဖြောင့်တဲ့မှန်ကန်
စိုးနှောင့်ဗျာပန်ကင်းဖို
လူချင်းမို့ရယ်  ။

ကံတူ အကျိုးပေး
တွေးကြည့်ရင်အရိုးမဆွေးပါဘု
တိုးကြည့်ပါဗျ  ။

အထက် ၊ အောက်ဘဝဝေး
ဆွေးနွေးရင်း ဂျန့်ဖြစ်သွားတယ်
တစ်ချို့ဆိုပ  ။

အပိုင်း အဖြတ်အသက်ဆက်
အခက်အလက်ခြောက်ခမ်း
နန်း နီးစေဖို့  ။

အပိုအလိုတွေထက်
ကပိုကယိုဖြတ်သန်း
ရောက်ပြီပေါ့ နန်းသို့  ။



မောင်ရေခဲ

Sunday, December 2, 2012

နံရံ ရဲ့ တစ်ဖက် က မျက်လွှာ

*** မသိချင်ယောင်ဆောင် အလွှဲအမှားတွေနဲ့
      ကျား ကစားနေ
      လွှားကနဲ့ခုန်အုပ်
      မတုန်မလှုပ် နေခဲ့တာ
      ငါ မသိလို့မှ မဟုတ်ဘဲ  ။

***  မလှုပ်တလှုပ်အပြုံတွေ
ဝေနေအောင်ပြုံး
ထစ်ချုံးချမယ့်မိုးလို
 ရေခိုးတွေ စုနေတာ
ငါ မသိလို့မှ မဟုတ်တာ  ။

*** အပျော်တွေ သွန်းချ
ယွန်းလာတဲ့
ဟိုးးး     နေလုံးကြီး 
အပြုံးကြီးပြုံးနေတယ်လို့ပြောရင်
ဘယ်သူမှ မယုံတာ 
မသိလို့မှ မဟုတ်ဘဲ  ။

***  တစ်လမ်းသွားထဲ လျှောက်မိ
ချိ့ နဲ့ နေတဲ့ခြေလှမ်း
ရဲသွမ်းသွေးပြတဲ့ မျက်နှာဖုံး
လူလုံးပြဖို့ခက်နေတာ
မသိလို့မှမဟုတ်ဘဲ  ။

***  ဟို အကြောင်း ဒီ အကြောင်း
ရှေးဟောင်း နှောင်းဖြစ်
အသစ်အသစ် အစားထိုး
မရိုး မအီနိုင်တဲ့ ခေတ်ထဲ
ရယ်ရယ်ပြနေရတာ
မသိလို့မှမဟုတ်ဘဲ   ။

***  မသဲ မကွဲနဲ့  လွဲလွဲ သွားတတ်တဲ့ ချည်ငင်
အလွင်ဆုံးဖြစ်အောင်မွမ်းမံ
တွန်းကန်အား တစ်စုရဲ့ ညီမျှခြင်းကို
မသိလို့မှ မဟုတ်ဘဲ   ။

***  သာကြောင်းမာကြောင်း သတင်းကလေး
အတင်းအဖျင်း ဖြစ်ဖြစ်သွားတဲ့သူရို့ကြား
လူကို တို့တို့ သွားတာ
မသိလို့မှ မဟုတ်ဘဲ  ။

*** မသိခြင်း
မသိခြင်း
လူ ရယ်ချင်အောင်ပြောတတ်တဲ့စကား
အတောသတ်ဖို့ခက်နေတာ
မသိလို့မှမဟုတ်တာ  ။

***  တစ်ခါ တစ်ခါ  သိခြင်းတွေက
မသိခြင်းအဖြစ်ပြောင်းပြောင်းသွားတော့
လောက က နေပျော်လာတယ်
ဘာဖြစ်လဲကွယ်
ငါ မရှိလဲ မင်းပျော်နေမှာတွေးတာပဲ
အတ္တမဲ့ ...လို့တော့ထင်တာပဲလေ
ဒါတွေကတော့ မသိကိုမသိတာထင်ပါ့   ။



မောင်ရေခဲ


Saturday, December 1, 2012

အိပ်မက်ညည်းသံ

***  တိတ်တခိုးပြိုကျ
       ကြိတ်ပိုးငိုရတဲ့မြစ်တစ်စင်း
       ဘယ်ချိန်မှထွန်းလင်းနိုင်မှာလဲ
       အလဲလဲ အကွဲကွဲ
       ကံကြမ္မာအလွဲ  ဘဝအလွဲတွေကြား
       ဒဏ်ရာအမှာတွေအထပ်တယ်   ။

*** ဘယ်သူပိတ်ပင်ခဲ့တာလဲ
       အနီရောင်မြစ်မှာ  ချစ်ခြင်းတွေမစီးဆင်းဖို့
       အလွှာခြင်းတွေ မချုပ်စပ်ဖို့
       ရက်လုပ်ဖို့ခက်စေခဲ့တာ
       ခုတော့
       ကမ်းမရှိတဲ့မြစ်မှာ ချစ်ခြင်းတွေအကြိမ်ကြိမ်သေဆုံးတယ်  ။

*** အချိတ်အဆက်
      အလိပ်လိပ်တက်လာတဲ့စကားသံ
      လည်ဝမှာလျှံကုန်ပေါ့
      ရှေ့တိုးဖို့မလွယ် နောက်ဆုတ်ဖို့အခက်
      ထက်နေခြည်  -   ဆိုတဲ့ သီချင်းပဲညည်းလိုက်ချင်တယ်
      နောက်ဆုတ်ဖို့ ကြိုးစားရင်းးးးးးးးးးးးးးးးး

*** တိတ်တခိုးငိုရ
       တစ်ဆစ်ချိုးပျော်ရ
       ရောရမ်းကာတမ်းတ လိုက်ချင်တယ်
       အပျော်တမ်းဖြစ်နေတဲ့ငါ့ဘဝကို
       စိတ်လိုက်တမ်းမကစားစေဖို့လေ

*** ဘယ်နတ်ဆိုးတွေကကျိန်စာတိုက်ခဲ့တာလဲ
       အသက်မဲလောင်တိုက်သွင်းခဲ့တဲ့ကံကြမ္မာနဲ့
       အလှမ်းကွာဝေးခဲ့တဲ့နင် နဲ့ ငါ
       စိတ်မညစ်ကြေးနော်
       ဒို့
       ရင်မဝေးသေးပါဘူး   ။

***  အနေလဲဝေး  ရင်လဲဝေးမှဖြင့်
       အတွေးတွေဗျောင်းဆန်ခတ်
       စိတ်ထောင်းတိုင်း ကိုယ်ကြေတယ်
       ပျိုရွယ်မယ်တောင်မကြံရသေးတဲ့ ဒီပန်း
       လန်းဆန်းဖို့ခက်ခဲ
       ဂယက်ထဲပြုတ်ကျ
       ခုတော့
       ဒုက္ခ  ...လို့ပဲညည်းရတော့မယ်  ။


                                                          မောင်ရေခဲ
    

Thursday, November 29, 2012

ကြောက်နဲ့ ခင်လေးငယ်

**  နေညိုချိန် 
     တိမ်မတောက်ပေမယ့် 
     ပျိုကြောက်တဲ့ 
     ညောင်ပင်အောက်
     လျှောက်ပါနဲ့လေး

**  ညောင်ပင်အို စိုင်းညို့ညို့အောက် 
      ရွှေစွန်ညို တို့တွေဝဲမှ သွားတာပလေး 
     တကယ်ဆို ညောင်ညိုအောက်ဟာ 
     ခင်ခင်ပျို သရဲကြောက်ဖို့ 
     ဟုတ်ဘူးကွဲ့လေး

** ဝိုင်းဝိုင်းအုပ် ဒီလူကြီးက 
    စိုင်းစိုင်းအုပ် ဒီအဖြစ်ကို
    နှစ်သက်ကွဲ့လေး

** သူ့ဆီကိုဝင်ခိုလုံက 
     အေးမြမြ ဒီရေဓာတ်နဲ့ 
     တေးလှလှသူသီပြဖို့ 
    စောင့်ရှာသတဲ့လေး

** ဒီလူတွေ သူသာယာမှ 
    အလူလူအမောပြေချဖို့ 
    ဘဝဇောသူခွါချတယ်
   ကြောက်ပါနဲ့လေး ....
                                     မောင်ရေခဲ (အဝတ်နီ)

 ဝန်ခံချက်  ။
http://www.malaysiaonlineradiomedia.com/2012/11/blog-post_30.html ..မှာဖော်ပြဖူးပါသည် ။

Wednesday, November 28, 2012

ရင်အေးသံစေ

တစ်ခါကပြန်တွေး
အို့ ..အို အေ့ ..အေ
အမေ့တေးညည်းသံ
နားထဲမှာညံမဆဲခဲ့ပေါ့
သား စိုက်တဲ့နန်း
သစ်ရွက်နန်း
ထန်းရွက်နန်း
ပြည်တော်ဝင်နန်း
ဘယ်နန်းစိုက်စိုက်
အမေ့ကိုမြင်မိခိုက်ခဏ
သားက ကလေးဘဝပြန်ရောက်ရတယ်  ။
 တသိုက်တဝန်း ဂုဏ်မဲ့
အမေ့အသက် ယဲ့ယဲ့လေးကျန်
သားအတွက်ဆို အလံမလဲ
အောင်ပွဲတွေ့ဖို့သစ်လောင်း
စိတ်ဓာတ်ဟောင်းတွေတောင်ဖျောက်ပစ်မိပေါ့  ။
  ပြာယီမှိုင်းစ မျက်လုံး
သတ္တလောကအတွက်မသုံးလိုက်ရပေမယ့်
သားဘဝ အမြင့်ဆုံးရောက်ဖို့
အမေရုန်းခဲ့ရတဲ့ဘဝကိုကျေနပ်တယ်   ။
  အဖြူရောင်အလံတလွင့်လွင့်
လွှင့်ခဲ့ပြီအမေ့ခေါင်း
အယောင်ဆောင် ကမ္ဘာလောကအကြောင်း
သားသိအောင်လမ်းကြောင်း
ခရောင်းလမ်းတွေဝေးဖို့
သား နဲ့ ဝေးရတဲ့အမေ့ဘဝ
ဆွေးပေမယ့်
ဝေးနေလဲကျေနပ်တယ်  ။
  နေညိုချိန်လှိုင်းတွေဂယက်ရိုက်
အမေ့မျက်နှာတိုက်ရိုက်ထိခိုက်
ဘွင်ရန်သူတွေတောင်နှိပ်စက်လုပေါ့ 
သမုဒယတွေဖွဲ့နှောင် ဒီနှောင်အိမ်ကြီးထဲ
အမေ  ရုံးထွက်ချင်ပြီးကွယ်  ။
အမေ့ကိုနားလည်
သား အမေကိုနားလည်ပါ
အမေ အာမ-မခံခဲ့တာတွေအတွက်
ရက်စက်သူလို့သတ်မှတ်
အမြင်ကတ်နေတောင်
ကျေနပ်နေမှာပါသားရယ် ။    ။

            ကိုရေခဲ

                                                     မောင်ရေခဲ

Posted via Blogaway


Posted via Blogaway

Monday, November 26, 2012

" ငါ့ " မသိခြင်းများ

အလွမ်းတွေတငွေ့ငွေ့  ၊  ဘုံဓလေ့မှာနေသူတိုင်း
ကြမ္မာရိုင်းနဲ့ဆုံတတ်တယ်တဲ့
ငယ်ငယ်က  ဘိုးဘိုး စကား
ငါ ဘယ်အလေးထားတတ်ပါ့မလဲ
အနှစ်နှစ်အလလ စုဆောင်း
သူသရဖူဆောင်းဖို့
ကိုယ်ခန္ဓာရို့ရို့   ၊   သက်ပျင်းတွေညို့
ကြယ်ကလေးတွေတောင်ခိုးခိုးခစ်ခစ်ရယ်ကြပေါ့
တကယ်တော့
ငါ ...သံလမ်းတစ်ဖက်ဖြစ်သွားတာပါ
အရာရာသူ့တွက်တွေး
သူ့တေးတွက်ကိုယ်ဆို
မလိုတော့လွှင့်ပစ်ခံ
ဒါ ...တဖက်သတ်လောကဓံဆိုတာ
ငါ ဘယ်သိပါ့မလဲ
ရွှေငွေတွက် လှုပ်ရှား  ၊  ဘဝ ကတုတ်ကြားထဲ
မလူသာ  မလွန့်သာ
နွေလေးရူးက  ဦးတည်ရာတိုက်ခတ်တယ်ဆိုတာ
ဒူးတည်ရာ တိုက်တတ်တယ်ဆိုတာ
ငါဘယ်သိပါ့မလဲ
အလဲလဲပြိုကွဲ
အကွဲအလွဲတွေ အနီးရောက်ဖို့
အလွတ်အကျွတ် ငါ့ကိုခွဲ
မရဲဘဲ ကျွဲလှည်းစီးချင်တဲ့ ငါ
ခုတော့
ရူးချင်သလိုလိုဖြစ်လာတယ်
ခူးမလို့ကြံတုန်း
တဒုန်းဒုန်း  တဝုန်းဝုန်း တံခါးခေါက်သံ
ဘာများတဲ့လဲကွယ်
ကံကြမ္မာတံခါးလာခေါက်သံ
တညံညံ - ညံမဆဲပေါ့
စိတ်တွေကိုရှော့ရှော့ထားရတယ်
မသိခြင်းတွေနဲ့မိတ်ဆက်ဖို့သွားရင်း
တမေ့တမောနေလို့ ငါ ရူးသွားမှဖြင့်
အလို့လိုလေးတွေ တွေးတော
သြော်
တရေးတမောအိပ်အုန်းမှပါလေ


မောင်ရေခဲ
 

Saturday, November 24, 2012

သူ တွေးခဲ့တဲ့ ဒိုင်ယာရီ


ဟော ဟိုနားဆီက တစ်ဗျောင်းဗျောင်းနဲ့ပြေးလာတဲ့ မိုးအော်သံကို တားဆီးဖို့
သဘာဝဓမ္မက အမိန့်ထုတ်ထားတယ်  ။
အဲဒီအချိန်  ...
အဖြူရောင် ဝါဂွမ်းလေးက ရှက်ပြုံး ပြုံးကာလမ်းလျှောက်လာရဲ့  ။
တစ်ချို့ကို လမ်းပိတ်  ....
တစ်ချို့ကို ချောက်ချ ....
တစ်ချို့က ကြောက်ကြ ဆိုပဲ  ....
တကယ်တော့ ဒါ သဘာဝ ဓမ္မ ပဲလေ
ရှည်ရှည်ဝေးဝေးတွေးရင်
သူရို့ ပြောတဲ့ ဘုရားသခင် နဲ့ ကောင်းကင်ဘုံ မခေါ်တဲ့ သူ့ကို အပြစ်တင်တယ်
ခက်တယ်ကွယ်
ပြဿဒါးနေ့မှာမွေးတဲ့ငါက
နက္ခတ်မှားတဲ့ ရာဇဖွားဖြစ်ချင်တော့
ခနော်နီ ခနော်နဲ့ လောကဓံ နဲ့ စစ်ခင်းတယ်  ။
မြစ်တလင်းတွေ ဖဲ့ဖဲ့တိုက် အမှိုက် သရိုက်ဆိုရင်
မြို့လယ်က မီးတောင်ကြွင်းပေါ့
ရက်လှေတွေ ရေဆန်အလှော်မှာ ညှော်မိသွားတဲ့
ငါ့ အံဆုံးလေးရေ
ဒီတစ်ခါ ငါ့ကိုဆေးသောက်ခွင့်ပြုပါ
လူတွေနီးတဲ့ ဟိုအဝေးမှာ ငါမနေပါရစေနဲ့
အသက်ရှုမွန်းကျပ်  ရင်ဓာတ်တွေပျက်မှာစိုးလို့ပါ
အရိုးတွေ ဆွေးလဲ  ရင်မဆွေးရင်
အမြင်ကြည်တဲ့ မင်းတို့ဝန်းကျင်မှာ ငါ ကာရံတစ်ခုပဲဖြစ်ပါစေ
ကြွေလွင့်ရလဲ  ကျေနပ်တယ်  ။


                                    ကိုရေခဲ

" ည " တေး

မြူတိမ်ကင်းတဲ့ည
ခပ်လွလွချတဲ့ခြေတစ်စုံ  ရင်အုံတွင်းသက်ဆင်း
အခင်းအကျင်းစုံစီနဖာ  တုန်ယီကာလှိုက်မောခဲ့ရ  ။

မြူတိမ်ကင်းတဲ့ည
ထယ်ထယ်ဝါဝါလင်းမြ  အဆင်းလှတဲ့ရင်ခွင်နှစ်စုံ
အသွင်ကိုယ်စီခြုံလို့  ပန်ရောင်ကိုယ်ရုံတစ်ခုက
မခို့တရို့ကြွေကျ  ဒီည
သိပ်လှတယ်  ။

မြူတိမ်ကင်းတဲ့ည
သောမနဿဝေဒနာတွေ  တဖွားဖွားသွန်းချ  လွမ်းရတော့မယ့် ဒီည
အနှစ်တွေအခါအခါ ထပ်ပေမယ့် ကံကြမ္မာလေအလွင့်မှာ
ကြွေလွင့်ခွင့်ရချင်ပါရဲ့   ။

မြူတိမ်ကင်းတဲ့ည
ရနံ့စုံပျံကျော်  မောင်ဇော်ဂျီတို့ပျော်တဲ့ည  အလှ  အပ
သူရို့ဖန်ဆင်းခဲ့လေသလား  ထွေရာလေးပါးသုံးသပ်တော့
အဆုံးသတ်အလွမ်းတစ်ပုဒ် သူရုပ်နဲ့သူ ဖန်းဆင်းတယ်  ။

မြူတိမ်ကင်းတဲ့ည
နွဲ့နှောင်းသာယာကမ္ဘာလောက  သြချလောက်အောင် တောထ
ဒီဘဝပြန်ဆုံပါ့မလား  အတွေးနဲ့ရေး
အဆွေးတွေ အဝေးလွင့် ခပ်နင့်နင့် ရင်ဘတ်ကို
ဘယ်အတတ်တွေနဲ့ပြု့စား
ခုများမှ ငါ့ရင်ခွင်ခိုနား
ဒီည
ဘယ်မေ့ရမလဲကွယ်  ။

                                      မောင်ရေခဲ

Thursday, November 22, 2012

ဖောက်ပြန်ခြင်း

ညဥ့် နက်နက် ကာရံပျက်
သွက်လက်ချိန်ခါ  ။

ဘွင်မှာ ပျော်မြူးကျ
မော်မူးကြတဲ့ ဒီကမ္ဘာ   ။

အတော်ကူးမှဖြင့်
လျှော်ဘူးကွယ် မထင်ရက်လေတော့
အဆင်ခက် သည်ညရိုးမှာ
လျှိုး
မှောက်လျက်ဆင်း   ။


                                        မောင်ရေခဲ
                                  

ဆားငံရေ

ရေတွင်း ဖြစ်စေဖို့
အနေတွေ ကျဉ်းခဲ့ပြန်ပါပြီ
လျင်မဲ့  ပြန်ဌါနီ ။

အတွင်းနက်နက်
တူးလေ နက်လေမို့
အထူးအထွေပြင်ရန်ခက်လှသည်
ရင်းခဲ့ စံရာဆီ ။

ဘဝကျင်းကိုလ
အလှ တူယွင်းနဲ့တူးမှဖြင့်
ကွယ်
စက်သွားထက်လွင့် ။

                                      မောင်ရေခဲ

Tuesday, November 20, 2012

ဝဋ်ကြွေး

ဆောင်းလယ်အိပ်မက်
အအိပ်ခက်တယ်
အိပ်စက်ဘယ်ပုံညွှန်းပါ့မယ်  ။


နှောင်းဝယ် တိတ်ဘက်
အဆိပ်တက်တယ်
နှိပ်စက်သည်ပုံဖြစ်ရတယ်


လူ့ဝယ် စိတ်ဓာတ်
တံဆိပ်ခတ်တယ်
ခန်းပိတ် နှလုံးငိုကွယ်ရို့   ။


ခုနှယ် ဤဇာတ်
ချစ်ဓာတ် ပျက်သည်
စိတ်ဝယ် နေဝင်ညိုတယ်ကို   ။



ဆောင်း တိတ် နှောင်း ချိတ်
လူခြေတိတ်သော်
ဆိတ်ဆိတ်ရင်မှာ ပြိုကျပါသည်
ဝဋ်နှယ် သည်ပုံဖြစ်သတည်း  ။


မောင်ရေခဲ

ဝန်ခံချက် ။
              (ကိုနေဇော်လင်းဆီပို့ဖူးတယ်ဗျ....ညီနေဇော်လင်းရေ ကိုယ်တင်လိုက်ပြီနော်)

Monday, November 19, 2012

ကမ်းတစ်ဖက်

မကြင်သမျှ   ခင်နှမ နဲ့ပက်သက်မှဖြင့်
ယခင်သံသယကိုတောင်
ကွမ်း လိုယောင်ဝါးလိုက်ချင်ပါရဲ့
မှားလိုက်ဝဋ်တွေ
အသိုက်ချွေ   အခက်ချိုးသော်လည်း
အချစ်ပျိုး သည်ရင်ကြောမှာ
ပြစ်ကျောမျှ ထင်ဘူးခင်ရေ
သံလွင်လွင်ကမ်းဘက်
ဂန္ထဝင် ပန်းတစ်ခက်ကြောင့်
အလှမ်းခက်ထင်ဘူးကွယ်လေ
အနေတွေ ဘယ်လောက်ဝေး
အတွေးမှာ မှန်းကာဆ
တမ်းတလို့ဆွေးစိတ်မပြေ
မှေးမှိတ်မလေ
မျက်တောင်တို့မြေးယှက်ပြန်တော့
တွေးချက်က သူ့မျက်နှာ
လ ထိန်ထိန်သာ
အသွင်မှာ ပျော်ကာမြူးသော်လဲ
ဘွင်မှာ မောကာ မူးပါပေါ့
လူးလား ဘွင်မှာ
ဆူး ခါး ရင် ဗျာ
လ  ..လွင်လွင်မှာ
ကြင်သူတွေ ပျော်ကာမြူးသော်လဲ
အလျင် ပျော်ကာမြူးချင်ပေါ့
သြော်
နှောက်ယှက်ဝဋ်ကြွေး
 
 
                                                                           မောင်ရေခဲ

Sunday, November 18, 2012

အပြီးပြန်မယ့်သူ

စိတ်အလိုမကျဖြစ်တဲ့အခါ
စကားတွေမညီမညွတ်ဖြစ်တဲ့အခါ
ရိုင်းရိုင်း စိုင်းစိုင်း ထွက်ဆိုမိတဲ့အခါ
ငါ့ကို ခွင့်လွှတ်ပါ
ငါက
အပြီးပြန်မယ့်သူမို့ပါ
 
ငါနေထိုင်တဲ့အခါ
ငါပြောဆိုတဲ့အခါ
ပွင့်လင်းမှု့တွေနဲ့
ငါ့ကိုယ် ငါ အိုးမဲသုတ်မိရင်
ငါ့ကိုခွင့်လွှတ်ပါ
ငါက
အပြီးပြန်မယ့်သူမို့ပါ

ပရမ်းပတာ နေထိုင်မိတဲ့အခါ
ပရမ်းပတာ ပြောဆိုမိတဲ့အခါ
စကားတွေဖောင်းကြွလာတဲ့အခါ
ငါ့ကိုခွင့်လွှတ်ပါ
ငါက
အပြီးပြန်မယ့်သူမို့ပါ

                                မောင်ရေခဲ
 
 


Saturday, November 17, 2012

သားကောင်များ

***  ဒီလိုလုပ်   ဒီလိုကျင့်
ခပ်ရင့်ရင့် ခိုင်း နှိုင်း 
သံသရာ မရိုင်းရလေအောင်
ပုံသွင်းသင်ကြားလဲ
ညွှတ်ကွင်းတွေကြားထဲ
လွတ်ကင်းဖို့ခက်တယ်

***  တဒိတ်ဒိတ်ရင်ခုန်သံ
စိတ်သံ  ၊  ရုပ်သံ
တညံညံ ဝန်းရံခ
တွန်းလှန်ချဖို့ခက်ပြန်မှတော့
 နိဗ္ဗာန်ကိုစိတ်သန်နေလို့ အပိုပါပဲ

***  အနု ၊ အလှ သမုဒယ ပေါများရာ
ဒီ ဇလာတော မှာ
မျောဖို့ရာလမ်းများတယ်

***  ဒုက္ခ ဆိုတာ
ခမ်းလိုက် လန်းလိုက်ဆိုပေမယ့်
ချိုတယ် ထင်ထင်နေတော့ခက်တယ်

*** အရှိုက်ခက်မှန်း သိရက်နဲ့
အသိုက်တွေ ခပ်မိုက်မိုက်လုပ်
အချုပ်ကိုတွေးရင်း တွေးထင်
ဒီနေဝင်ချိန်ဟာလဲ
မျက်နှာလွှဲခဲ့ ပြန်ပါရော


မောင်ရေခဲ

Thursday, November 15, 2012

တောင်ပံမဲ့ နေ့စွဲများ

စိတ်တောင်ပံတွေတဖျတ်ဖျတ်
ရက်လုပ်ခဲ့ရတဲ့နေ့စွဲတွေ
အပြုံးတု  .. အငို တု ... မျက်နှာ တု တွေထုတ်
လူလုပ်ဖို့ခက်တဲ့အရာ
လူကပဲ ပြန်လုပ်နေလေရဲ့
အငြူအစူတွေ ကလူကျီစယ်သလို
ယိုစီးပေါက်ကျ
တစ်ချို့က
ဒါ ..သင်္ခါရ ..တဲ့
အလှအတွက်ပြုပြုရ
ဘဝအတွက် ပြုပြင်ကြနဲ့
အခုမြင်တဲ့ ခဏတွေတောင်ပြောက်
ရောက်ခဲ့တဲ့ရာစု အစပေါ့
လျော့ရဲလာတဲ့ ယဉ်ကျေးမှု့တွေ
အဖော်မဲ့လာတဲ့ ဒီစနစ်တွေကြား
ချုပ်ဆက်ဖို့ ခက်လာရော
ဒီလို ဒီလိုနဲ့
သီအိုရီတစ်ခေတ်မှာ
အချစ်တွေပါစနစ်ပြောင်း
ရောင်းကုန်တွေဖြစ်ခဲ့ပေါ့

                             မောင်ရေခဲ

ရင်ဝေးနေသောနေ့ရက်များ

အဆင့်မြင့်မြင့်စားသောက်နေထိုင်ဖို့
နေ့နေ့ ညည ပြေးလွှား
တစ်ရေးနားဖို့ခက်ခဲ
အမေ့ရွာက ထန်းရွက်တဲလေးကိုသတိရ မိရဲ့
အမေ နဲ့ ဝေး
အဖေ နဲ့ ဝေး
မိတ်ဆွေ ၊ သူငယ်ချင်းတွေနဲ့ဝေး
အနာဂတ်တွေတရေးရေးပြေးမြင်ဖို့
မနေမနား
တစ်ရေးနားစားသောက်ချိန်
ဂုဏ်ရှိန် ငွေရှိန်ကင်းတဲ့
အမေ့အိမ်က ထမင်း နဲ့ ဟင်းကိုလွမ်းရဲ့
ကိုယ်ခန္ဓာ နွမ်းလျ
တမ်းတမိတဲ့ အချိန်တိုင်း
ဟို ဆေး ၊ ဒီ ဆေး
မိတ်ဆွေ ဆေး ၊ သူငယ်ချင်း ဆေး
လက်ကမ်းလို့ပေး
အမေ့ အခန်းက ကိုယ်ငွေ့လောက်မနွေးဘူး အမေ
အလုပ်ပြီးတဲ့ အချိန်ဆို
လွမ်းစိတ်ပို နွမ်းချိ
တစ်ကိုယ်တည်းရှိတဲ့အခန်း
အတွေး နဲ့တောင် မရဲတရဲမှန်း
ငရဲခန်းလားထင်
ည  ည အိပ်ချိန်
မိ အိမ် ဖ အိမ်
မိသားစုအိမ်
တရှိန်ရှိန်တောက်လောင်နေကြမေတ္တာတရား
တထိန်ထိန်မြို့ပြ နဲ့နှိုင်းချိန်တိုင်း
စိတ်တောင်ပံခတ်
ပြန်ရက်ကိုလက်ချိုး
ရှိးခိုးလျက်ပါ  ဖေ ၊ မေ


                                             မောင်ရေခဲ

Monday, November 12, 2012

အမေ့တေး

အံသြမိပါရဲ့
              အတ္တတွေဖြိုချ  ယိုစီးဖို့ခက်တဲ့အရာတွေကြား
               သူမ က အနီရောင်ပန်းဝတ်မှုံတွေကို အဖြု အစင် ဖန်ဆင်းတယ်

အံသြမိပါရဲ့
       ဒုက္ခ သုက္ခ တွေကို လက်ဖက်သုတ် တစ်ပွဲလို သုပ်
       ဘဝကိုတည်ခင်း အပြုံးတွေပြိုဆင်းလို့
        ရင်ရင်းမေတ္တာတရားအောက်ပျော်ဝင်နေတာကိုပေါ့

အံသြမိပါရဲ့
           မသေချာတဲ့ အရာတွေကိုရေရာဖို့မျှော်တွေး မသေချာတဲ့ အလောင်းအစားကို
            ချွေးတွေနဲ့ အရောင်တင်
             ညလွင်ပြင်အိုတွေနဲ့ - " အို့ -အို....အို     အေး   " .... သားချော့တေး  တွေဆိုလို့     
            ကမ္ဘာသစ်ကို ဖန်ဆင်း  အလင်းတွေ လင်းစေခဲ့တယ်

အံသြမိပါရဲ့
          သူမ သာ အနားရှိရင် နေမဝင်အင်ပါယာ မပိုင်ရလဲ နေပါစေ လို့ဆိုရဲတဲ့အထိ
           သတ္တိထူးတွေနဲ့ မြူးတူး   ဘယ်ညတွေ ဘယ်လိုလူးလူးပေါ့
           လောက ကို ရင်ကော့ လျှောက်ရဲတတ်လာတယ်

အံသြမိပါရဲ
           သူမ ရဲ့ခွန်အား ဟာ ရင်သွေးတွေဆီ စီးဆင်း အသက်တွေကြီး ပြီးရင်းကြီးပေါ့
           သူမ ရှေ့ ရောက်ရင် ကိုယ့်ကိုယ်သိလာတယ်
            ကလေးတစ်ယောက်ဆိုတာကိုပေါ့

အံသြမိပါရဲ့
           သူမဟာ အံဖွယ်လူသားတစ်ယောက်ဆိုတာ သိလိုက်ရလို့ပေါ့

                                                                   12/11/2012 နေ့ရဲ့
                                                                               အိပ်ယာဝင်တေးလေးပါပဲဗျာ
                                                                                                    မောင်ရေခဲ