Friday, October 19, 2012

သခင် ... သို့

နင်က
ငါ့ဝိညာဉ်ကိုစောင့်ရှောက်သူပါ
တိတ်တိတ်ကလေးကြေကွဲရတဲ့နေ့တွေ
ရင်ခွင်ထဲမှာချော့သိပ်
အနက်ရိပ်ကင်းမဲ့ဇုံမှာရှင်သန်စေခဲ့တယ်   ။

နင်က
ငါ့ရဲ့ လက်ရှိဓလေ့တွေကို
အကုန်ပွေ့ပိုက်ထားသူပါ
အညှာချင်းဆက် လင်းလက်
လက်တစ်ဖက်စာ ရေတွင်းနဲ့
ပြည့်ဝစေခဲ့တယ်  ။

နင်က
ငါ့ရဲ့ အတိတ်တရားတွေကို
ချိတ်ထားစေသူပါ
မျှော်လင့်ချက်တို့ကြွေကျရာ
မြေခမယ့်စိတ်ဓာတ်
အရိပ်လက်နက်တွေနဲ့မြှင့်တင်ခဲ့တယ်   ။

နင်က
ငါ့ရဲ့ အနာဂတ်တရားတွေကို
ပြတ်သားစေသူပါ
အကြွင်းမဲ့သံသယ
ခပ်လွလွ လွှတ်ချ
အလွတ်ရတဲ့ ယုံကြည်မှု့နဲ့
အကုန်ကြည်ဖြူစေခဲ့တယ်  ။

နင်က
ငါ့ရဲ့ အရှင်သခင်ပါ
အသွင်အပြင်တွေဘေးချိတ်
ပကာသနတွေ မှေးမှိတ်
နှလုံးသွေးအလှတရားတွေနဲ့
ဘဝကမ်းပါးက ဆွဲတင်
ငါ့ကို ...အသွင်တင့်စေသူပါ  ။

မောင်ရေခဲ




1 comment:

စံပယ်ချို said...

မောင်ရေခဲရေ
မိုက်တယ်နော် ဒီကဗျာလေး
(ရဲ့ အရှင်သခင်ပါ
အသွင်အပြင်တွေဘေးချိတ်
ပကာသနတွေ မှေးမှိတ်
နှလုံးသွေးအလှတရားတွေနဲ့
ဘဝကမ်းပါးက ဆွဲတင်
ငါ့ကို ...အသွင်တင့်စေသူပါ ။)
ပိုစ့်အသစ်တင်ရင် ဘာလို့မတက်တာလဲနော်
သေသပ်လွမ်းတုန်းက ဒုတိယအကြိမ်ုပြန်လုပ်ခဲ့တယ် အဲဒီ
မှာပဲတစ်နေပြန်ရော ခုပြန်ရှာပြီးလာတော့
အသစ်တွေတွေ့ရတာ
ခုလဲ အဟောင်းကိုဖျက်ပြီးအသစ်ပြန်လုပ်ထားတယ်
ခင်မင်တဲ့ jasmine(အမကြီး)