Showing posts with label ကဗျာရှည်. Show all posts
Showing posts with label ကဗျာရှည်. Show all posts

Sunday, June 29, 2014

မဟာဈာပန




ကိုရေခဲ
ခင်ဗျားသေပြီ
ကဲ
သင်္ဂြိုဟ်လိုက်ကြရအောင်
လတ်လတ်ဆတ်ဆတ်ကုသိုလ်ညိုပြာရည်
ခေါင်ရမ်းပန်းတို့ရိတွဲကျ
ခင်ဗျားမသာလူစည်တယ်
စက္ကူပန်းတချို့က
ခင်ဗျားရဲ့ကြေကွဲဖွယ်မဟာဈာပနကို
ခဝါမကျသေးတဲ့အနတ္တတွေပန်လို့
မရိုကြိုးသေးတဲ့ခြေထောက်ကြီးနဲ့နင်းလို့
အမြင်ကပ်စရာနုတ်သီးကြီးကိုထမ်းလို့
သေချာတာကခင်ဗျားသေပြီ

သေချာတာကခင်ဗျားသေပြီ
တောင်ဇလပ်လေးတွေသင်းတယ်
တောင်ပြန်လေရောမြောက်ပြန်လေပါ
သွေ့သွေ့လေးခါရမ်းလာတယ်
ခင်ဗျားကျေနပ်လိုက်ပါ
ကျိုးခဲ့ပြီးပြီ
ကြေခဲ့ပြီးပြီ
အနေမတတ်ခဲ့တော့
သံသရာလည်းဆွေးခဲ့ပြီးပြီ
ခင်ဗျားသေတာနဲ့စန္ဒကူးနံလေးပြန်သင်းလာတယ်
နီစွေးတဲ့ပန်းကလေးတွေရဲ့သလင်းနံ့ကလေးလင်းလာတယ်
စပယ်ပန်းကလေးတွေကလည်းဖူးတန်ပွင့်လို့ချည်ပေါ့
ခင်ဗျားကျေနပ်လိုက်စမ်းပါ
ခင်ဗျားကခရိုနီ

ကိုရေခဲ
တကယ်တော့ခင်ဗျားသေပြီ


ကိုရေခဲ
ခင်ဗျားသေပြီ
တိမ်တွေကပုပ်အဲ့အဲ့
ကျုသံသီချင်းတွေနဲ့ရေပတ်လည်ဝိုင်းတယ်
ဂဏန်းသင်္ချာတွေက
်ဆွေမပြနိုင်မျိုးမပြနိုင်
အောက်သက်ကျေဖို
ကြေအေးပေးလိုက်ရတဲ့ ပန်းခင်းလမ်းလေး
သစ်စိမ်းချိုးကျိုးပေါ့
ခင်ဗျားပေါ့
တရားတရားဆိုပြီး လမ်းသလားခဲ့တာ
ဘုရားဘုရား
တွားမိပေါ့
အပူတွေနဲ့တိုက်မိပေါ့
ရေတွေလဲပွက်လုပေါ့
နွံတွေကိုထမ်းသွားနေတဲ့ကလေးလေး
ဟို့ရှေ့မှာခင်ဗျားမြင်လား
ဟို့ရှေ့မှာလေ
ဘာပဲပြောပြော
ခင်ဗျာသေပြီ

ခံးစားရတာတွေကို
ခံစားရင်း ခံစားရင်း
အဖန်တေနေပြီဖြစ်တဲ့ဟော့ညောင်ညိုပင်အောက်မှာ
ပြာရီမှိူင်းကောင်းကင်တွေမျက်မှန်တပ်ကုန်ပြီ
မှောင်ရီစပြုလာတော့ နှောင်းမိုးကိုမျှော်ရပြန်ပြီ
တကယ်တော့
ခင်ဗျားသေပြီ

စိန်ပန်းပွင့်လေးတွေကတောရကျောင်းမှာ
ပြောရတာမောနေပေမယ့်
ခင်ဗျားသေသွားတာသိပေမယ့်
မြစ်ပွားနာတွေကခုထိကူးဆက်တုန်း
ရေများရေနိုင်ပါဗျာ
မီးကနည်းပေမယ့်လောင်စာကိုခပ်ဖွဖွသုံးတော့
အနုတ်ပြတဲ့ညနေခင်းမှာ လယ်တောသီချင်းကိုသီ
စီကာပတ်ကုံးမပြောပြတတ်တဲ့
ပျဉ်းမငုတ်တို ကိုခုထိုင်
ယိုင်ရင်းယိုင်ရင်းပဲ
တကယ်တော့
ခင်ဗျားသေပြီ။ ။ ။


ကိုရေခဲ
တကယ်တော့ခင်ဗျားသေပြီ
တစ်ချိန်ကယက်ကန်းသံတွေမကြားရတော့ဘူး
တစ်ချိန်ကရွှေချည်ငွေချည်တွေ
ယက်ကန်းသံတွေကြားပြောက်ဆုံး
လူလုံးမလှအပူလုံးကြွ
ရုံးမထရသေးဘူး
ီဒီမှာ အုံ့ပုံးသီချင်းပြန်ဆိုနေရပြန်ပြီ
ကန့်ကူလက်တန်လေးတွေလည်
ယင်မဝဲတော့ ကိုယ့်ကိုယ်ကိုအညှီလောင်းကြ ခင်ဗျားနဲ့အတူလောင်းချသင်္ဂြိုဟ်ခဲ့တယ်

ပြန်ပြောမယ်
အဲဒီမြစ်ပွားနာ
အနှစ်ဆိုတာအညှီတွေမဟုတ်ဘူးဗျ ။ 

ကိုရေခဲ
တကယ်တော့
ခင်ဗျားသေပြီ ။ ။


မတမ်းတတော့ဘူး
လွမ်းမပြတော့ဘူး
ထီး
သုဉ်း
မြို့
ပျက်
အမှိူက်
သတ်မရသေး
ခင်ဗျားဗျာ
ဖောင်စီးရင်း
ရေငတ်အောင်လုပ်တယ် 

ကိုရေခဲ
တကယ်တော့
ခင်ဗျားသေပြီ ။ ။ ။


တိမ်ပြာသားမို့မို့ ညှို့ က
လေးခွင်းအတတ်ကိုမြိုချတော့
ငါ ... ကွ ဆိုတဲ့ ဝါးစိမ်းခြမ်းကလေး
သိမ်သမုတ်ဖို့မြေသတ်မှတ်တယ်

အငြိမ်မနေနိုင် ပိတောက်ရွက်ကလေးတွေရဲ့
ဆိတ်ငြိမ် ဆည်းလည်းသံ
ညံ.....တယ်လို့ဆိုပြီး
ပန်းအမှိူက်သွန်သမားတို့ရဲ့ ကျင့်ဝတ်ကို ကျင့်သုံးတယ်

မသာယာနဲ့
မငြိမ့်ညောင်းဘူး
ကျုပ်တို့ရဲ့သန္ဓေ ဥ ကလေးတွေ
တောကျီးကန်းဝပ်သွားပြီ 

ဒီမှာ
ကိုရေခဲ
ခင်ဗျားကတော့သေပြီ ။ 


နွေ အဦးမှာ
မုတ်သုန်ကို လက်ယက်အခေါ်
ရမ္မက်တွေကိုလက်တန်းရွတ်ချတော့
မျက်ဖြူဆိုက်နေတဲ့ မြေဇာမြက်လေးတွေက
ကယ်ပါ တေးသွားကို ရော့်ခ်ဆန်ဆန်ရွတ်
မကြံမစည်ရာ မိုး ကျလာတော့ 
တေးသွားညည်း က ကြသတဲ့

လောဘ
လိုဘ
ငိုဘ
အမိုးတွေလည်း ပြိုလှပါပြီ
အငြိုးအတေးနဲ့မိုးက ခုထိ သည်းတုန်း

ပိုင်ရာဆိုင်ရာ မြှောက်စားတော့
နိုင်ရာ နိုင်ရာ မဟာဝေဿဝန်နတ်
ပြတ်လတ်နေတဲ့ ဆေးလိပ်တိုလေးတောင်
ပစားမရခဲ့ဘူး
ပုံတူများကူချလေရော့သလား

ကျောက်ကုန်နေတဲ့ မီးခြစ်အိုလေးရေ
ခံရမလား စံရမလား
တွေးတောရင်း မိုးလင်းတော့
ဘာပဲဖြစ်ဖြစ်ပါ
ကိုရေခဲ
ခင်ဗျားကတော့
သေပြီ ။


မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
အမြီးအမောက်မတည့်တဲ့
ဆိုရိုးတွေပဲ ရွတ်ဆိုခဲ့
တတွတ်တွတ်ဆိုရမှာက
မရဏ

ပြုံးပြုံးကြီးကြည့်နေတယ်
သူကတော့
ပက်လက်

ဒေါသ မျက်ချေးတွေကြားမှာပဲ
လက်ပစ်ကူးခတ် ပျော်ပါးနေကြ
အရော်အစားက ကြီးလှချေရဲ့
အပါးလည်ခြင်းတွေကြား
အခါးဓာတ်ကြီးမားလာတဲ့
အိုကမ္ဘ္ဘာလောက
စတပြင်နဲ့မိတ်ဆက်ပေးဖို့
စင်တင်ပေးပါတော့

တိမ်လွှာကြားမူးမေ့လဲခိုက်
ရော့ရဲလာတဲ့ရေတွင်းကိုမှ
ရေငံကြိုက်စေခဲ့ပေါ့

မေ့လိုက်တော့
သတိမရနဲ့တော့
မူးလဲနေတဲ့ဘဝထဲ
ခင်ဗျားအရင်အစစ်ခံလိုက်
သေခြင်းနဲ့မသိခြင်းကြားမှာ
ခင်ဗျားသေပြီ ။ ။


သုဿာန်မြေကို စ နင်းနေပြီ
အတွင်းကြေအနာနဲ့ အရင်းမကြေခဲ့လေသမျှ
တွင်းဝက မော့ကြည့်နေ့ပြီ

အနံ့ခံကောင်းခဲ့တဲ့
လတ်လတ်ဆတ်ဆတ် အမြုပ်တစ်ချို့က
အပျံ မသင်နိုင်စွာငေးမောလို့
မိုးတိမ်ကိုအဓိပ္ပါယ်ဖွင့်ကြတယ်

လွင့်ပြယ်စ ပြာသားလေးတွေပေါ့
အယ်ဒီ ပြာစ ပါးပါးလွှာလေးတွေ
အနေမတတ်စွာ တိမ်တံခါးကိုဖွင့်ပြီး မမြဲခြင်းတရားကို တေးဖွဲ့သီကျူးတယ်

ညွန့်ငုံဖူးစ ဇီဇဝါပန်းလေးက 
တောကျွမ်းမုဆိုးတို့အတတ်နဲ့ 
ပွင့်အာ ခြင်းတရားကိုသင်ပြတော့
မှီခိုနေကြဆိတ်ငြိမ်ရပ်ကွက်ကလေးမှာ
သန်းခေါင်စာရင်းပေးသူများတယ်

နေ့မြင်ညပြောက်ရဲရင့်သူကြီးက
အညိုရောင်ပဝါစ ကို ပါးပါးချင်းခွါချတယ်
ကျုပ်ကတော့ မတ်တတ် 
ရေရွတ်ချင်းတွေအန်ချပေါ့
ဘာပဲပြောပြောပါ
ကိုရေခဲ
ခင်ဗျားကတော့သေပြီ ။ 


ပိုးလောက်လန်းတို့ရဲ့အိုအေစစ်လေးက
ယိုကျနေတဲ့နေစွဲတွေကြား
ဝါကျ သင်္ကေတလေးတွေနဲ့ စကားပြောနေတယ်

မြင်မကောင်းဖွယ် ကျိုးကြေစ မြူမှုံလေးကတော့
သတင်းစကားအချို့ကိုသယ်ဆောင်လို့
လည်ပတ်ရာစက်ဝိုင်းဆီ ခရီးသွားနေဆဲမှာပဲ
ခလုတ်တစ်ခုကို ငါ့တို့ မေ့နေပေါ့ 

အပြောကျယ်လှတဲ့ နေရာ အသင်္ချေ 
နောက်ဆုံး မေ့မြောရာ ဒေသ
ခုံရုံးမှာကြည့်မယ့် တစ်ဖက်ကြည့်မှန်တစ်ချပ်
ခင်ဗျား ဘယ်လိုမြင်နေမှာပါလိမ့်
မှူံပြာပြာ တစ်ပဲစ ရွာသားကောင်းမှူ့များ
နားဝင်ပီယံလှပေမယ့် ဗျိုင်းမပုံပြင်းလေးရဲ့ လေခိုတီလုံးသံစဉ်
မတူညီရင် ညီမျှခြင်းထိုးဖို့ခက်တဲ့ 
အဖြူရောင် ငှက်ကလေးတွေရဲ့နေရာ
သွေဖီသွားခဲ့သပေါ့

ပြိုင်မျဉ်းတွေ အထက်အောက် ညှိတော့ 
ခင်ဗျားရဲ့ နက်ပြာပြာ အရည်တွေက
ယိုစိမ့် ကုန်ပြီ 
ပျော်လိုက်တော့ ပါးလိုက်တော့
အသုတစ်ရာ အောက်နက်ရာအရပ်
စစ်မှန်တဲ့ သူတစ်ယောက်ရှိတယ်
ရန်တော့ မဖြစ်နဲ့ဗျာ သူကနေရာပေးမှာပါ
ဘာပဲဖြစ်ဖြစ်ပါ
ကိုရေခဲ
ခင်ဗျားကတော့သေပြီ ။ ။ 

၁၀

အိုးကပ်စ ဆီလေးတွေ
အတောင်ဖြန့်တဲ့အခါ သူ့ကိုမှီနေတဲ့
ထောက်တိုင်လေးက ငလျင်လှုပ်ပြတယ်
နိယာမ ရဲ့ အစ တဲ့

ဗျိုင်းတစ်အုပ် နဲ့ ကျီးကန်း တစ်သိုက်
ယှဉ်နွဲ စစ်ပွဲ့ဆိုရင် 
ကျီးကန်းတို့ အလံထူတဲ့ပွဲဆိုပါတော့
သေချာတယ် အစ တစ်ခုဖြစ်သလို အဆုံးတစ်ခုလည်းဖြစ်တယ် 

ချောင်းမြောင်းနေတဲ့ ဓားတစ်လက်က
နတ်မြင်းပျံစီးလာတဲ့အခါ ခံတပ်တို့ရဲ့
ဒူးထောက်ရာ မြေနန်းလေး 
အနောက်မုဒ်ဦးအဝင်လမ်းလေးပါပဲလေ

ဗျိုင်းဖြူလေးတွေရဲ့ ပဉ္စလက်အတတ်နဲ့
တောကျီးကန်းတို့ရဲ့ မှော်ဝင်ယဉ်ကျေးမှု့
သံလမ်းပေါ်ဖြတ်တင်တဲ့အခါ ဝန်များရာယိမ်းယိုင်ပေါ့
အထိန်းမနိုင်သူတို့သွားရာလမ်း
အသိမ်းမနိုင်သူတို့လားရာဂတိ
အဖြေက ရေပေါ်ဆီ နဲ့ ဆီအောက်ရေ
မြေကြီးကတော့တွေတွေကြီးကြည့်နေတယ်
ဘာပဲပြောပြောပါ
ကိုရေခဲ
ခင်ဗျားကတော့သေပြီ ။ ။ ။








                                                           မောင်ရေခဲ ( အဝတ်နီ )