Thursday, November 8, 2012

အတိတ်အိပ်တန်း

သံဖိနပ်တွေစီးတတ်တဲ့
ဟော  .. ဟို သူတို့ရွာဆီ
ဒုတိယကမ္ဘာစစ်လက်ကျန်ဘိုးဘိုးက
ထမ်းလို့ ပိုးလို့
သစ်ရွက်စိမ်းစိမ်း
လေပြေနုနုကလေးတွေကိုတောင်မခံစားနိုင်ရှာ
အသိစိတ်တွေရေမွှန်းနေမှတော့
အောက်ဆီဂျင်ဆိုတာလိုမှာပဲလေ
အတွေးတွေခေါင်းငိုက်စိုက်နဲ့
အိမ်အပြန်လမ်းမစိုပြေတာ
တွေးမိရဲ့
ကမ်းလင့်သူဝေး
မှန်းလင့်သူဆွေး
တွေးလို့  ငေးလို့
ခပ်ရို့ရို့နဲ့
သံဖိနပ်တွေစီးတတ်တဲ့သူရို့ကမ္ဘာ
အလွှာကင်းလွတ်
ရိုးသားခြင်းအင်္ကျီဝတ်လို့ပေါ့
သားချော့တေးဆိုသူဆို
တမ်းချင်းရွတ်သူရွတ်
လာလမ်းငေးသူငေး
အပြေးကလေးကြိုသူကြို
အဆို ...အလွမ်း ...အနမ်း
ရင်ဘတ်တောင်နွမ်းသွားတယ်
ရွာထိပ်ကညောင်ပင်ကြီးရယ်
ကျောင်းရှေ့ကကုက္ကားပင်ကြီးရယ်
ခပ်ပြာပြာကောင်းကင်ကြီးရယ်
ပြီးတော့
ခုံတန်းဘေးကမြေကွက်လပ်
မိုးရွာတဲ့အခါဖားအော်သံ
အတူကျောင်းတက်နေကျထန်းပင်တန်း
စိန်ပန်းပင်ပြာနဘေး
ပါးကွက်ကြားလိမ်းနေကျကောင်မလေးရယ်
သူရို့နဲ့
မြစ်တစ်စင်းမှာတစ်ထစ်ချင်းဆင်းကြည့်တယ်
တမ်းချင်းတွေရွတ်ကြည့်တော့
အလွမ်းတွေခမ်းလိုက်...မလန်းလိုက်
ဆောင်းလယ်အိပ်မက်တွေကြား
နှောင်းလယ်အတိတ်တို့က
ဒီတစ်ညလဲမိုးလင်းစေခဲ့တာပါပဲ  ....။

                                                    မောင်ရေခဲ

1 comment:

စံပယ်ချို said...

ကဗျာကောင်းတော့ဖတ်ရတာလဲ အရသာရှိတယ်
(မြစ်တစ်စင်းမှာတစ်ထစ်ချင်းဆင်းကြည့်တယ်
တမ်းချင်းတွေရွတ်ကြည့်တော့
အလွမ်းတွေခမ်းလိုက်...မလန်းလိုက်
ဆောင်းလယ်အိပ်မက်တွေကြား
နှောင်းလယ်အတိတ်တို့က
ဒီတစ်ညလဲမိုးလင်းစေခဲ့တာပါပဲ) ဘာကြောင့်ပိုစ်တွေမတက်တာလဲ အမလဲမသိပါဘူးနော်
တွေ့လားမောင်ရေခဲ လင့်ချိပ်ထားတယ် အသစ်တင်လဲမသိရတဲ့ ဘ၀ပါလားကွယ်