Monday, July 15, 2013

မင်း နဲ့ ပက်သက်လာရင်

မင်း နဲ့ပက်သက်လာရင်
ကိုယ့်ရင်ဘတ်ကိုယ်ကို ဝန်မခံရဲခဲ့တဲ့စကားတွေ
ခုထိ ရှိရဲ့
အလွဲတွေ နဲ့ မိတ်ဆွေဖြစ်ပြီးတဲ့နောက်
အလုပ်လုပ်လွန်းတဲ့ ငါ့ ဦးနှောက်တွေ
စေးကပ်တဲ့ သဘာဝတွေကို ပိုင်ဆိုင်လာတဲ့ ငါ့ နုတ်ခမ်းတွေ
အသာကြည့်နေတာတောင်
အသာတကြည့်မနေနိုင်တဲ့ မနက်ဖြန်တိုင်းအတွက်
ငါ မင်းအတွက်ပါ ရောပြီး စိုးရိမ်ရတာပဲလေ

မင်း နဲ့ ပက်သက်လာရင်
အလွမ်း အဆွေးတွေကို ကြိုသောက်လို့ရတဲ့အတတ်
မှော်ဆန်စွာ တတ်လိုက်ချင်ရဲ့
ကော်ဖီ ခါးခါး တစ်ခွက်လို
ခပ်ရှရှ ငိုကြွေးတတ်တဲ့ ဥသြငှက်ကလေးလို
ပမာတွေ နှိုင်းပြီးရင်း နှိုင်း
ကောင်းကင်းပြာကြီးတောင် ဆေးသားပျယ်လုလုပေါ့

မင်း နဲ့ ပက်သက်လာရင်
နောင်တ ဆိုတာ
ရင်ဘတ်ချင်း ညှိ ပြီး သံစဉ်ထွက်တာနဲ့
" ထောင်း " ခနဲ အသက်မဲ့တယ်
ချစ်၏ ၊ အပြစ်မရှိဆိုတာ
ဒါမျိုးထင်ရဲ့

မင်း နဲ့ ပက်သက်လာရင်
အကိုင်း အခက်တွေ အသာထားလို့
ယုံကြည်မှု့ တံတားလေးပဲခင်းထားလိုက်ချင်ရဲ့
အို ဟောင်း နွမ်း နေတယ်လို့တော့ အပြစ်မတင်ပါနဲ့
ပျိုမြစ်နေတယ်ဆိုတာ
ကမ်းပြို နေတဲ့ ရင် နဲ့
သခင် လှမ်း အကြို ကိုစောင့်မျှော်နေရဲ့

မင်း နဲ့ ပက်သက်လာရင်
ငါ့ နှလုံးသားက ဗလာမပါ ကံစမ်းမဲနှိုက်နေတယ်
နတ်ဆိုးတစ်ချို့က မျှော်လင့်ခြင်းတွေဖျက်ဆီးခဲ့တယ်လို့ ယူဆခဲ့ရင်တောင်
မျှော်လင့်ချက်တွေ ဖြစ် မြဲ ဖြစ်
တကယ်တော့
အချစ်ဆိုတဲ့စနစ်က သင်ရိုး မပြောင်းဘူးထင်ရဲ့

မင်း နဲ့ ပက်သက်လာရင်
အတိမ်း အစောင်း တွေများလွန်းလို့
ငါ ဒရိုင်ဘာမလုပ်ချင်ခဲ့ဘူး
အရူး အမူးဆိုတာ
ငါ့ အတွက် တေးသွားတစ်ပုဒ်ကိုဖြစ်လို့
ပစ်ပယ်ဖို့ဆိုတာတွေ
အရောင်လှလှတစ်ချို့နဲ့သာ ပယ်ဖျက်စေချင်သူပါ

ခုတော့
မင်း နဲ့ ပက်သက်လာရင်
မင်းဟာ ငါ့အတွက် အံ့ဖွယ်ရှိလှတယ်ဆိုတာကို
ဆေးလိပ်တို
နေညိုတဲ့အထိ
သိမ်းဆည်းထားမိလေရဲ့

                                                                                  မောင်ရေခဲ(အဝတ်နီ)

No comments: