အပြင်မှာမိုးတွေရွာနေပြီအမေ ....
ထစ်ချုံးရိုင်းစိုင်း ......
လေနီရိုင်းတွေနဲ့အတူတူ .....
မိုးရွာပြီဆို အမေ ပြောပြောနေကျစကားလေး .....
သားကြားယောင်နေ ....
သားရယ်
" မိုးဆိုတာ ငြိမ်းချမ်းခြင်းရဲ့ သင်္ကေတ
အေးမြခြင်းရဲ့ သင်္ကေတ " လို့အမေပြောခဲ့တယ်နော် ၊
ခုတော့ အမေရယ် .....၊
အပူရောင်လွှမ်းပြီး ၊ နွမ်းလျ ၊ အမေ့ကိုပဲ သတိယနေတယ်လေ ...၊ ခုဆို အမေကော ...
သူတို့ပြောတဲ့ ကောင်းကင်ဘုံမှာပျော်နေမလား ၊ သားကိုသတိယနေမလား ၊ ဒါမှမဟုတ် မေ့နေမလား ၊ သားကတော့ ငယ်ငယ် အမေချော့သိပ်နေကျ စကားလေး...
" မိတ္ထီလာကန်တော်အောက်က ဖားကောက် ခဲ့ပါ " တေးလေး ...၊
ကြားယောင်ရင်းအိပ်ပျက်ညတွေနဲ့ ရင်းနှီးနေပြီအမေ ၊ အမေ့ကိုလွမ်းတယ်အမေရယ်...
ငယ်ငယ်ကဆို " တော်တော်ဆိုးမယ့်သား " " သားဦးစနေဆိုတော့ ဒီလောက်တော့ရှိမှာပေါ့ "
ပတ်ဝန်းကျင်ရိုက်ခတ်တဲ့စကား ...အမေ့နားမှာ အံမဝင်ခဲ့ဘူးနော် ။
" ကျုပ်သားက ဆိုးတာမဟုတ်ပါဘူးတော် ၊ လူမှန်တော်ရေ ... ရမ်းကားတာမှမဟုတ်တာ ..၊ သူတို့က
ဘာသွားလုပ်မှန်းမှမသိ ၊ ဖြစ်လာတော့မှ ကျုပ်သားကိုအပြစ်ပုံချတာ " လို့ အမြဲပြန်ချေပ တတ်တဲ့အမေ
သားဘက်မှာအမြဲရှိတဲ့အမေ ၊ ခုကော
ကောင်းကင်ဘုံကနေ အမေ ငဲ့ကြည့်နေမလား ၊ မျက်နှာမဲ့ပြီးကဲ့ရဲ့နေမလား ၊
" ဒါမှအမေ့သား " လို့ ဟစ်ကြွေးနေမလား....၊ သားသိချင်တယ်အမေ
ခုတော့
မရိုးနိုင်တဲ့နေရက်တွေကြား ၊ သားအရင်လိုမဆိုးတော့ပါဘူးအမေ ၊ အမေပြောတဲ့စကားတွေ ပြန်ကြားယောင်ရင်းပေါ့
" သားရယ်
ဆရာတော်တစ်ပါးရေးထားတဲ့စာသားလေး အမေပြန်ပြောပြမယ်နော် ၊
အမေ..၊အဖေ ..၊ ဆွေမျိုး ၊မိတ်ဆွေတွေ ပြုလုပ်မပေးနိုင်တဲ့ အရာ ..တစ်ခုရှိတယ်
အဲဒါကတော့ စိတ်ထားကြီးမြင့်အောင် ကျင့်ကြံနေထိုင်ခြင်းပဲ သားရဲ့ ၊ ဒီတော့ သားရယ်
လိမ္မာအောင်နေပါ ၊ ယဉ်ကျေးစွာဆက်ဆံပါ ၊ ဒေါသနည်းအောင်လဲနေနော် ၊ အရာသည်းခံ စိတ်လေးနဲ့
နေကြည့်ပါလားသားရယ် "
အမေ့စကားသံတွေ ရင်အုံရိုက်ခတ်တိုင်း ဘာသာရေး အသိတွေ တစ တစ ဝင် ၊ သားလိမ္မာအောင် သင်နေပါတယ် အမေ ၊
တစ်ခါ တစ်ခါ ဘဝကို ဒုံးစိုင်း မြင်းရိုင်း တစ်ကောင်လို့ စေ့စားပစ်လိုက်ချင်ရဲ့ ၊ အမေ့ရဲ့ စကားသံ
တွေအတိက် ကနေ ဆွဲမခေါ်ဖြစ်ရင်ပေါ့ ၊
" လူမှန်ရင် အပူဒဏ်ဆိုတာ
လူတိုင်းခံစားရတတ်တာပဲလေ သားရဲ့ ၊ ငါ့ကျမှ ကွက်ပြီးခံစားရတယ် " လို့တွေးမိရင် ဘယ်လူပီသတော့
မလဲ ၊ "
" မြေကြီးဆိုတာ လူတိုင်း အနင်းခံ ရတာပဲလေ ၊ သူနင်းလို့ ငါနာလိုက်တာ ၊ သူ့တွင်းကြောင့်
အလှတွေ ဗလာကျင်းသွားပြီ " ဆိုပြီး မညည်းညူးဘူး ၊ ဒီတော့သားရယ်
ဒုက္ခ သုက္ခတွေ သားတစ်ယောက်ထဲ ပဲ ခံစားရတယ်လို့ မတွေးနဲ့လေ ..၊
သြော် ငါ့လို ပဲ ခံစားရတဲ့ သူတွေလဲ မနည်းမနော ပါပဲလား လို့ တွေးပြီး
လုပ်စရာရှိတာဆက်လုပ် ၊ သားလုပ်ရင်ဖြစ်မှာပါ သားရဲ့
ကျနော့်ကိုအားတွေ ပေးခဲ့တဲ့အမေ ၊ သတ္တိတွေ ပေးခဲ့တယ်အမေ ၊ လွမ်းတယ်အမေရယ် ....
" နွေ၏အလွန်
မိုးငွေ့သွန်းသော်
ကျနော်အိမ်ပြန်ရတော့မည် " (ဆရာနွမ်ဂျာသိုင်း)
ဟုတ်တယ် အမေ ၊ ဒီချိန်ပဲ သားတို့နဲ့ အမေဝေးခဲ့ကြတာ ၊ သားတို့ဆွေးခဲ့ကြတာ ၊
မိုးကိုချစ်တဲ့အမေ မိုးရေစက်တွေကြားမှာေ ပျာက်ကွယ်ခဲ့တယ် သူတို့ကတော့ပြောတယ်
မင်းတို့အမေ မင်းတို့ကိုထားသွားပြီ " တဲ့
သားမထင်ဘူးအမေ ၊ အမေခုထိ သားအနားမှာရှိတုန်း ၊ နွေထွေးနေတုန်း ပါ အမေရဲ့ ...
အမေ့စကားတွေကသက်သေပဲလေ ....
အလွမ်းတွေ မခမ်းသေး သရွေ့ ရောရမ်း ပြီး မိုးတွေကိုကျိန်ဆဲနေလို့လားမသိဘူး
မိုးစက်တွေတောင်ဆဲလုလု ၊ ည ကာလ ဟာ
ကြယ်မစုံသလို လေတစ်ချက်သွေ့ရင်တောင် ချောက်ခြားမှု့တွေနဲ့ဖွဲ့သီနေတယ် ၊
စိတ်ကိုစိတ်နဲ့ပြန်ထုထောင်း ရင်း
အတိတ်တွေကိုဆွဲခေါ်
သားပျော်တတ်အောင်နေပါ့မယ်အမေ
မောင်ရေခဲ
1 comment:
ခပ်ငယ်ငယ်ကအဲဒီ ကဗျာလေးကိုအသဲစွဲခဲ့ဖူးတယ်
( နွေ၏အလွန်
မိုးငွေ့သွန်းသော်
ကျနော်အိမ်ပြန်ရတော့မည် (ဆရာနွမ်ဂျာသိုင်း))
ခင်မင်တဲ့ sis jasmine
Post a Comment