Thursday, April 4, 2013

သူဟာသူရဲကောင်း

သူဟာ သူရဲကောင်းပါ
ဘီလူးခေါင်း နဲ့ ဦးနှောက်မပါတဲ့ လူတစ်စုရဲ့လုပ်ရပ်
ခုတ်သတ်ခံနေရတဲ့ အခွင့်အရေးတွေ အတွက်
ရင်မအေးတတ်တဲ့ သူ့နှလုံးသားကို
ငါလေးစားတယ်

သူဟာ သူရဲကောင်းပါ
လူထုရဲ့ ဆန္ဒ တစ်သားတည်းဖြစ်အောင်ပြသ
ဘဝတွေမလှပတဲ့ သူရို့ဘဝထဲ
အကွဲအလွဲတွေကိုချုပ်စပ်ဖို့
လုပ်ဇာတ်တစ်ခုမှာ ကျိုးခဲ့ရတဲ့ ပြဇာတ်
ငါ့ အသက်နဲ့ သမိုင်းတင်တယ်

သူဟာ သူရဲကောင်းပါ
ကောင်းစားတဲ့ ဘဝကို ခဏမေ့
သူတောင်းစားသာသာ သူရို့ဘဝကို စာနာ
အလွှာချင်း ညီစေဖို့
ထုတ်ဆီးတိုးခဲ့တဲ့ သူ့ခြေထောက်
ရောက်ရာအရပ်တိုင်းအမှတ်ရတယ်

သူဟာ သူရဲကောင်းပါ
ထောင်ပေါင်းများစွာ သာယာစေဖို့
ဘဝတစ်ခုနဲ့ ကာရံ ဒဏ်ရာတွေကိုမမှု့
လုယူခဲ့ရတဲ့ အသက်ပေါင်းများစွာ
သူ အတွက် မနက်ဖြန်တိုင်းသာယာပါစေ

သူဟာ သူရဲကောင်းပါ
လမ်းကွဲပေါင်းများစွာ
လမ်းလွှဲ ပေါင်းများစွာ
အရာရာ မကွဲပြားစေဖို့
သူ့စိတ်နဲ့ သူ့အလုပ်
တဒုတ်ဒုတ်မြည်နေတဲ့
နရီ တွေစည်းချက်ညီစေဖို့
ဘဝပေးအလုပ်လိုသဘောထား
သူ့အဘိဓမ္မာတိုင်းကို
ငါနှစ်သက်တယ်

သူဟာ သူရဲကောင်းပါ ။

                              မောင်ရေခဲ
 

Wednesday, March 27, 2013

ခေါက်ရိုးကျိုးမြစ်တစ်စင်း

တိတ်တိတ်ကလေးကြိတ်ပိုး
အဆွေးခိုးမြူတိမ်
အရှိန်သတ်ခဲ့ရ
တစ်ဖတ်သတ်ဘွဲ့ရခဲ့ပေါ့
သူပျော်ရင်ကျေနပ်
သူငိုတော့မပျော်နိုင်
ခွေယိုင်လု  နှလုံးသား
လုံးပါး ပါးခဲ့ပြန်ပါပြီလေ
အလီလီ နှစ်လ
ချစ်သမျှအကြောင်း  ခ ပေါင်း
ရာသီတွေတောင်စီးဆင်း
လွမ်း ခ ရာသီထဲမျောဝင်
ချစ်သမျှပတ်ပျိုးကိုနားဆင်ပါ
လွမ်းရင်းငို  ငိုရင်းလွမ်း
စိတ်နဲ့ ထမ်း ထမ်း ထားရတဲ့ ရက်တစ်ချို့
ပြိုကျမှာတောင်စိုးရ ရဲ့
အနီးရှိတော့ မသိသာ
အနေကွာ ဟိုးအဝေး
မကြာမကြာလေးသတိယ တတ်လာတယ်
တဖြေးဖြေးတိုးတက်
သံယောဇဉ်နဲ့ ယက်တဲ့ အဝတ်ကို ဝတ်တတ်ခဲ့ပေါ့
မချွတ်တမ်းဝတ်ဆင်
တစ်နွယ်ငင် တစ်စဉ်တက်
ရက်စက်မှာလဲကြောက်တယ်ကွယ်
ခေါက်ရိုးကျိုးနေ့ရက်တွေ နေသားကျ
ရရသမျှ ကံကြမ္မာ
ဒီတစ်ခါလဲ အဆွေးကမ္ဘာထဲဆွဲခေါ်တယ်
ပြောမိပါရဲ့
ဟို အကြောင်း
ဒီ အကြောင်း
လမ်းကြောင်းတွေ ရှန်တိန်ဖြစ်ခဲ့
အနေမတည်တဲ့ ကဗျာ
ငါ့ကိုယ် ငါပဲအပြစ်တင်တော့မယ်
အလွှာထဲက အလွှာ
ဘဝအလွှာတွေ ချုပ်ရိုးကွဲ
ငါ့ အသည်းက သွေးစ သွေးန တွေ
မင်းမြင်ရင် အပြစ်မတင်ပါနဲ့
လူသားရဲ့သရုပ်
ဓမ္မ နဲ့ မထုပ်နိုင်တဲ့
( ဒီတစ်ခါလဲ )
ငါ့ကိုယ်ငါပဲအပြစ်တင်ပါရစေ


မောင်ရေခဲ
http://maungyaykhe.blogspot.com/
http://dmoethar.blogspot.com/2013/03/blog-post_3956.html

Wednesday, March 6, 2013

ထိုးကျွေးခဲ့ရသောညများ

သေသေသပ်သပ်ထုဆစ်ထားတဲ့
လောကဝတ်တစ်ခုပါ
ဒဏ်ရာအနာတရများစွာ
ညောင်ညိုပင်မြစ်ကမ်းနဘေးမှာ
မျက်ရည်နဲ့ထိုးထိုးကျွေးထားတဲ့တိမ်တိုက်တွေ
သက်တန့်ရောင်စုံတွေကြားမှာစုံးစုံးမြုပ်
တကယ်ဆို
အချစ်က-အတို့ အမြုတ်မှမဟုတ်တာ  ။

အနာမကျက်တဲ့ နေ့ရက်တွေကြားထဲ
လူးလား ခေါက်တုန်  ရုံးကန်
သရုပ် သဏ္ဍာန်တွေကင်းလာတဲ့
ရုပ်လောက ထဲမှာ
အသေမျက်နှာဖုံးတွေစွပ်
ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင်ဖို့
ကဲ...
ဘယ်သူတွေအသက်သွင်းမလဲ ...။

ချွင်းချက်ဆိုတာတွေ ကို ကိုင်ပြီး
တိုင် ဆွဲဆွဲ လှုပ်တတ်တဲ့ သစ်ကိုင်း ကလေးရေ
လေပြေလာတိုင်း ယိမ်းတာကောင်းပေမယ့်
မာယာယိမ်းတွေ နဲ့ တော့
က-ပွဲမဆင်နွဲပါနဲ့
ဒီမှာ
နှလုံးသားကို ဒုတိယဘုရားလိုကိုးကွယ်ထားတာမို့ပါ ။
ခံတပ်တွေမလုံတဲ့ ငါ့နှလုံးသားရပ်ဝန်း
အားနည်းချက်သိပြီး မဖိပါနဲ့
တကယ်တော့
အသက်ရူကြပ်ခဲ့တာလဲကြာပါပြီလေ  ....။


မောင်ရေခဲ











Tuesday, March 5, 2013

ငဒို့ ..ဝန်းကျင်မှာ...

စိတ်ကူးတွေကိုထွန်ယက်ရင်း
ကိုယ့်လမ်းကိုလျှောက်ကြည့်တာ
ရေခမ်းတဲ့မြစ်ဆိုတာ
ငါဘယ်သိပါ့မလဲ
ရေကူးရင်း ရေခမ်း
အရူးအနှမ်းကမ္ဘာလောက
စိတ်ကို စိတ်ချင်းကုစားတာတောင်
မြုံး ဝ မှာတစ်တစ်နေတယ်
အရစ်အခွေလွယ်လှတဲ့
ပုတ်သင်ညိုတွေကြားမှာ
ကိုယ့်ကြိုးကွင်းကိုယ်စွပ်
လွတ်လွတ်ကျွတ်ကျွတ်သေကြည့်တာတောင်
ဂယောင်ချောက်ခြား ထ ကြည့်ရတဲ့အဖြစ်
နောက်တစ်ခါ
ငါ
တစ်...နှစ်...သုံး...လေး...ဂဏန်းတွေမရေတွက်တော့ဘူး
တိုင်ပင်ညှိဖို့
ဒို့လူဖြစ်လာတာမှမဟုတ်တာ
အဟုတ် နဲ့ အရှိ ညီမျှခြင်းချ
ရလဒ်တွေ တူညီဖို့
ငြိမ်းချမ်းခြင်းအဖြေထွက်ဖို့
လူ ကို လူနဲ့
စိတ် ကို စိတ်နဲ့
ဝန်းကျင်းချင်းအဖြေညှိ
မထိခိုက်ကြေးပေါ့
စိတ်လိုက်နဲ့မာန်ပါ
အလှမ်းတွေခြေရာထပ်ကုန်တော့
ငိုပွဲစားဖို့နေ့ရက်တွေနဲ့
ငဒို့ နဘမ်းလုံးနေရတယ်
ဝုန်းဝုန်းဒိုင်းဒိုင်းတွေချုပ်ငြိမ်းဖို့
တဒုတ်ဒုတ်ခုန်နေတယ်နှလုံးသားအသိရှိဖို့လိုမယ်
ပန်းတွေချစ်တတ်တဲ့
ဥယျာဉ်မှူး ရဲ့ လက်တစ်စုံလဲလိုမယ်
နောက်ဆုံးတော့
အဝတ်လဲကြည့်တတ်တဲ့စိတ်တစ်စုံကအဓိကပါပဲလေ  ။


မောင်ရေခဲ

Saturday, January 19, 2013

အားတော်စိတ်ငယ်

ခင်ခင် မှာ မကြင်တိမ်းရင်ဖြင့်
အသွင်မှာ တမင်မစိမ်းသော်လည်း
အားတော်စိတ်ငယ်
အလွယ်မတွေးလိုက်ပါနဲ့
ကြင်ဖော်ဝေးဘဝတွေလ
ဆွေးစိတ်ပိုဘွင်ညိုးချိန်က
မျှော်ရှာသူအဝေးပြေးခဲ့တော့
စိတ်ရှော့တော့မယ်
နေချင်တယ်သခင် ဘေးကိုမှ
သွေဖီရွယ်အတွေးစိတ်မှာ
ချိတ်ပိတ်ချင်တယ်
မှန်းမျှော်ရွယ်
စခန်းနော်တူတူပျော်ဖို့
ရော်ရမ်းကာမှန်းဆပျော်တယ်
ပျက်နဲ့ကွဲ့စိတ်ကြံရွယ်
ကံကြမ္မာသေရွာ ငင်စေအုံး
မကြံသာ ဝဋ်ကြွေးဖုံးရင်လဲ
ဒီမောင်ဘုန်းချစ်သက်လျာကို
စိတ်ပစ်ခွါနိုင်ဘူးကွဲ့လေး


မောင်ရေခဲ


ဆောင်းအိပ်မက်(ခ) နွေဦးမေ -အတွက်မွေးနေ့အမှတ်တရ


ဆောင်း-ဆောင်းဟေမာန်တစ်ပတ်ပြန်လည်ပေါ့
           နှောင်းရာသီဘယ်လိုပြောင်းသော်လည်း
          အဟောင်းတွေအသစ်ဖြစ်ပြန်ပေါ့
          မေမေ့ရင်တွင်းအဖြစ်ကိုလ
           စာနာသူ ဒီသမီးကြီးအတွက်
           တစ်ပြည်ရွာမောင်ရေခဲက
           မှန်းဆ - လို့ ဂုဏ်ဖော်တယ်
            ကြည်နူးဖို့ရွယ်
အိပ်      ရာဝင်တေးတစ်ပုဒ်လိုပ
            ငြိမ့်ငြိမ့်ညောင်းသံစဉ်အသစ်တွေချလို့
            အမေ့ဆီမှန်းမျှော်ရည်ကာ
            မေတ္တာတွေလှိုင်လှိုင်ပို့ကာကွယ်
            တင်ဆက်စေချင်
မက်      တွယ်ကာ ဖက်တွယ်လျက်ပါဘဲ
            အိပ်မက်တွေအစဉ်မက်စေဖို့
            အချိန်ဆမှု့တွေ လက်တစ်ကမ်းရောက်စေဖို့
            ကမ်းလက်တွေညီမျှစွာနဲ့
            စခန်းသင့် နန်းအသင့်ဖြစ်အောင်ပ
            ပို့တတ်တဲ့အမေ
မွေး     မာတာ အစဉ်မှန်းလျက်
          ပို့ကာကွယ် မေတ္တာပန်းတွေနဲ့
          တစ်သက်တာ အမေပန်းခဲ့သမျှ
          အမေ့ မျက်နှာအစဉ်လန်းစေဖို့
          ဆောင်းသစ္စာ ရင်ဝယ်အနမ်းတွေနဲ့
          အမေ့ဂုဏ် မှန်းကာ ဆ လို့
          တောင်းဆုတွေ အဖန်ဖန်ရွယ်
နေ့    ရက်တွေ အဟောင်းဖြစ်သွားလဲ
          မေ့ မေတ္တာ သစ်လွင်လန်းဖြာလျက်
          နှစ်သစ်ကို အတူကြိုလင့်ကာပ
          မောင်ရေခဲ - သည်မောင်လေးက
          တူပေါင်းကာမေတ္တာပို့လိုက်တယ်
           ကျန်းမာဖို့ရွယ်
          သာသနာအကျိုးကိုပ
          ဆထက်ကာ ထမ်းဆောင်စေဖို့
          ရည်မှန်းကာစိတ်ရည်ရွယ်တယ်
          ပြည့်ပါစေ ချိန်တိုင်းကွဲ့လေး
                                                        


          (အစ်မ နွေဦးမေ  - ဟတ်ပီးဘတ်ဒေးပါ -ပျော်ရွှင်ပါစေဗျာ )
                                             မောင်ရေခဲ
           

Saturday, January 12, 2013

ဝဋ်နာ

မြောက်ပြန်လေမိုးနှောင်း
ချောင်းနေတဲ့ဟေမာန်   ။

ကံဝဋ်တွေစက်ဘီးလှည့်
လည်ခဲ့ပေါ့ ဒီဒဏ်   ။

ခိုင်းစေရာအတ္တပျက်
ကပျက်ကယက် လုပ်လွှတ်
ရုပ်ပျက်အောင်ပြုကြ   ။

 တစ်လှိုင်းဆင် တစ်လှိုင်းတက်
အိုင်းချင်းတွေတိတ်တိတ်ရွတ်
လွတ်ကျွတ်အောင်ပ   ။


                                               မောင်ရေခဲ
(ကိုကြီးနေဇော်လင်းဆိုဒ်ကိုပို့ဖူးတဲ့ကဗျာလေးပါ)

Thursday, January 3, 2013

မကြီးအေးသီတာအတွက်အမှတ်တရ

...အေးတဲ့ဝေဒနာတွေက
      အတွေးမှာဘောင်ဘင်ခတ်လေတော့
      ခပ်သော့သော့အလွမ်းစာ
      ရော်ရမ်းကာတင်ဆက်လိုက်သည်ပ
      ခင်နှမရှိရာ
ကြီး.... ကျယ်တယ်မထင်လိုက်ပါနဲ့
       ဒီရင်ဘတ်နယ်တစ်ကျောမှာ
       သံယောဇဉ်တောတွေထူထပ်
       မိုးတိမ်တို့မပြတ်ဆင်
       တိမ်ငွေ့တွေ  လေအစုမှာ
       ပြိုကျသို့ထင်
အေး.... မြကြည်လင်
        ဘဝင်ပျော့ပျောင်းပါတဲ့
        အသွင်ကအေးချမ်းသစ်လွင်
        ညွှန်းလိုက်သည့်ရင်
        အသွင်တင်စိတ်ဖြူစင်
        တတွေတွေ   တွေးရင်ပ
        လွမ်းလိုက်သည့်ရင်
သီ....   တာရေစင်
       ဘဝတွေညီညာဖြူးစေဖို့
       ပကာသနတွေ အသာထားပြီးမှ
       မိသားစုအလှတရားကိုလ
       ပစ်ခဲ့ရစဉ်
       မခင်လို့မှ မဟုတ်ဘဲ
      ကြင်သူတွေအတူနီးစေဖို့
      အစဉ်သာတွေးတောလျက်ကွယ်
      ချစ်လျက်သာပဲ
တာ.... ရာတို့တစ်ပတ်လည်မှာ
       ပြန်ရက်တွေ တစ်ကျော့ပြန်ရောပေါ့
       အဖန်တစ်ရာဝေးခဲ့လေသမျှ
       ပြန်တွေ့ရင် ဘယ်လိုဖြစ်လေမလဲ
       တွေးရင်းပျော်တယ်
သို့.... ကလို တွေးရင်း ငေးရင်းပ
      ခင်သူတွေ ပြောရင်း ရယ်ရင်းပ
      မိသားစုဝေးတဲ့ဒုက္ခ
      တဒင်္ဂ မေ့ကာထားတယ်
      ခံစားနိုင်ဘူးကွဲ့ မောင်လေး
  

      (မကြီးမအေးသီတာအတွက် အမှတ်တရ မကြီးပျော်ရွှင်ပါစေ)
                                အမှတ်တရ
                                                 မောင်ရေခဲ 

Sunday, December 30, 2012

သခင့်သစ္စာ ( သို့ ) ကြားသိစေ

( ၁ )

မဝေခွဲနိုင်ဘု
ကြွေရက်တွေ နွေလယ်တောမှာ
အမောစို့စဉ်
ခဏတွင်းမှာပဲ
အလွှာအတင်းဝေးလေတော့
ငိုပွဲကဆင်  ။

( ၂ )

လေးညှို့ရှင်  ဘုရင်အဖြစ်နဲ့
 မကြင်လို့ သခင်ပစ်လဲ
မလွှဲသာ ရှောင်ခွါတိမ်းရတယ်
ထင်လိုက်မယ်ခင်
" မကြင်လို့" ဟုတ်ဘူးရယ်ပ
စိတ်ထဲမှာတွင်တွင်ချ
ပြိုကျရော့ထင်   ။

( ၃ )

တင်ကာလေ ရင်ပြင်ထက်ကိုလ
လွင်ပြာဝေ  သည်မောင် ကောင်းကင်က
ဘဝအမောတွေ ဘယ်လိုစို့သော်လည်း
ချေပေါ့စိတ်လွင်
စိတ်အသွင် သခင်လန်းစေဖို့
မမေ့အစဉ် ဒီလိုညတွေတိုင်း
မအိပ်ချင် ရွှင်ရွှင်ပြနေပေါ့
ပိုရော့မထင်   ။

( ၄ )

တင်ပမာ ယှဉ်ကာ နှိုင်းချင်ရဲ့
ပြည်မြန်မာ အသွင်သမိုင်းကိုလ
နှိုင်းဆ ဆင်ခြင်
အရိုင်း နဲ့ အယဉ်
ရှု့မြင်ကာ သခင်သုံးသပ်ပ
" သူ " မြင်ချင် မြန်ပြည်ဒီဇိုင်းကိုလဲ
မမေ့စေချင်   ။

( ၅ )

မိုးရာသီ အခါခါပြောင်း
ရွက်ဟောင်းချိန် ဘယ်လိုနှောင်းပေမင့်
ရင်တွင်းမှာအသွင်သစ်တွေနှင့်
ပျိုမြစ်သစ်လွင်
နဂိုဖြစ် ချစ်ပင်လယ်မှာ
ချစ်ကြင်သူ ဘယ်လိုပေါများလဲ
ဖွဲ - ဇကွဲ ထင်   ။

( ၆ )

သို့ပေမင့် သခင့် အသွင်ဟာ
အမုန်းတွေပေါလို့ဟုတ်ပါဘု
အချစ်တွေဘဝဆုံးတဲ့အထိ
ပုံအောကာ အကုန်ချစ်မိတော့
စိတ်သစ် ပျိုမြစ်ပေါ့ထင်
ချိုသကာ ပျိုကညာ အပါးမှာဖြင့်
ခိုဝင်ကာ သခင်နားပြီမို့
ခါးတမာ သစ္စာမဲ့မှု့ကို
တစ်သက်တာပြုဘူးကွဲ့လေး   ။


မောင်ရေခဲ
(မမလေး တင်တင်မိုး - အတွက်အမှတ်တရ-ကဗျာလေးပါ )
မလေးရဲ့ မောင်

Friday, December 28, 2012

မစပယ်ချို အတွက် မွေးနေ့ဆုတောင်း ကဗျာ

.... ဟူရာတောမှာဖြင့်
        အသူတစ်ရာလောက်နက်လဲ
        ချစ်သူလက်မြဲမြဲတွဲ
        မောဘူးထင်တယ်
.... ပယ်တောမှာတင့်
        အလွယ်မပြောတာသူ့အကျင့်
        ရင်ပြင်လွှာမှာဖြန့်ခင်း
        အခမ်းနားဆုံးအကြင်နာမြစ်
        အပြုံးစစ်စစ်တွေနဲ့ပျော်ရွှင်ပါစေ
ပယ် .ရတနာလို အချစ်မျိုးနဲ့
        တွယ်တာရစ်ပတ်
        ချစ်တတ်တဲ့လွင်ပြင်
        အကြင်နာတွေမခမ်းဘဲ
        အစဉ်သာလန်းဖြာစေ
ချို ....မြမြ ကောင်းကင်အောက်
        အိပ်မက်ချိုတွေအတူမက်ဖို့
        ရေခြားမြေခြား
         မိသားစုတွေ ခဏထားလို့ ပေါ့
         တော်သေးရဲ့လေ
         ချစ်ကြင်သူနဲ့အတူတွဲ
          အပူတွေခွဲဝေဖြေရှင်းရလို့ပေါ့
မွေး ...မိခင် နဲ့ ကျွေး ဖခင်
         အစဉ်မှန်းဆ ကျေးဇူးတွေတမ်းတ
         သတိယတတ်တဲ့
         မိခင်ကောင်းတစ်လက်အဖြစ်
         သစ်လွင်ပါစေ
နေ့ ...သစ်တိုင်း စခန်းသာ
         စိတ်သစ်တွေနဲ့လှမ်းကာ
         ပျော်ရွှင်မှု့တွေနဲ့ချမ်းသာ
         မိသားစုနဲ့အတူဝမ်းသာ
         ကြည်နူးမှု့တွေလန်းဖြာ
         ကျန်းမာစွာ သူ့တပါးအကျိုး
        ဆ တစ်ပိုးဆောင်ရွက်နိုင်ပါစေ

          ( မကြီးဂျက်ရေ ဟတ်ပီးဘတ်နေ့ပါ ပျော်ရွှင်ပါစေ )
                        အမှတ်တရ
                               မောင်ရေခဲ
       
   

Wednesday, December 19, 2012

ကြွေ - မျက်ရည်

နှင်းဆီပန်းပင်ကလေးက
နှင်းဆီပန်းကလေးကိုပြောတယ်ကွဲ့   ..  အချစ်ရဲ့
မင်းဟာ ငါ့ဘဝ အတွက်
အဦးဆုံး ပထမဆုံး ပွင့်တဲ့ပန်းပါ
လှပစွာဖူးပွင့်နိုင်ဖို့ 
ခန့်ညားစွာ ပြုံးနိုင်ဖို့
ရှိရှိသမျှအင်အား
နှလုံးသားရဲ့ အဆီအနှစ်
စုပုံပြီးချစ်ခဲ့တယ်
မင်းအတွက်တဲ့ ရက်ရက်ရောရောပေးဆပ်
နှောင်ကြိုးတွေတောင်ဖြတ်မရဘူး
သနားတယ်ဆိုရင်
အနားကမခွါပါနဲ့လားကွယ်
ဘဝမှာ မင်းမှလွဲ
ငါ့ မျက်နှာဘယ်လောက်မွဲမွဲ
တခြားပန်းတွေဘယ်လောက်လန်းလန်း
ရင်ဘတ်မှာ အဆန်းမထင်တော့လို့ပါ
မင်းက ငါ့ရဲ့ အချစ်ဦးမို့ပါ
မင်းက ငါ့ရဲ့ တစ်ဦးတည်းသောချစ်ဦးသူမို့ပါ
တကယ်လို့
တစ်ပါးသူ ရင်ခွင်
မင်းနားဝင် ကိုးစားမှဖြင့်
မျက်ရည်မိုးတွေဖြိုင်ဖြိုင်သွန်းရစ်
အသဲကွဲသီချင်းတွေ သံကုန်ဟစ်
သေပွဲ ကို ကြေကွဲစွာ ဝင်ပစ်ရမယ်ထင်ရဲ့
ရက်စက်လိုက်တာပန်းကလေးရယ်
ငြီးရင်းအဆုံးသတ် ကြည့်
မင်းကိုငါမေးမိမယ်ထင်ရဲ့
ငါ့အတွက် မျက်ရည်တစ်ပေါက်လောက်ကျပေးနိုင်မလား တဲ့
ဆိုပါတော့
ကဲ
ဒီတစ်ခါ 
ကိုယ်က ပန်းပင်ဖြစ်
ချစ်ဘယ်လိုပြောမလဲ
ကိုယ်သိချင်ရဲ့ကွယ်    ။

(  ရှိုင်းနောင် - အတွက် အမှတ်တရ ကဗျာလေးပါ )
ခင်မင်စွာဖြင့်

မင်းရဲ့ သူငယ်ချင်း

       မောင်ရေခဲ