အံသြမိပါရဲ့
အတ္တတွေဖြိုချ ယိုစီးဖို့ခက်တဲ့အရာတွေကြား
သူမ က အနီရောင်ပန်းဝတ်မှုံတွေကို အဖြု အစင် ဖန်ဆင်းတယ်
အံသြမိပါရဲ့
ဒုက္ခ သုက္ခ တွေကို လက်ဖက်သုတ် တစ်ပွဲလို သုပ်
ဘဝကိုတည်ခင်း အပြုံးတွေပြိုဆင်းလို့
ရင်ရင်းမေတ္တာတရားအောက်ပျော်ဝင်နေတာကိုပေါ့
အံသြမိပါရဲ့
မသေချာတဲ့ အရာတွေကိုရေရာဖို့မျှော်တွေး မသေချာတဲ့ အလောင်းအစားကို
ချွေးတွေနဲ့ အရောင်တင်
ညလွင်ပြင်အိုတွေနဲ့ - " အို့ -အို....အို အေး " .... သားချော့တေး တွေဆိုလို့
ကမ္ဘာသစ်ကို ဖန်ဆင်း အလင်းတွေ လင်းစေခဲ့တယ်
အံသြမိပါရဲ့
သူမ သာ အနားရှိရင် နေမဝင်အင်ပါယာ မပိုင်ရလဲ နေပါစေ လို့ဆိုရဲတဲ့အထိ
သတ္တိထူးတွေနဲ့ မြူးတူး ဘယ်ညတွေ ဘယ်လိုလူးလူးပေါ့
လောက ကို ရင်ကော့ လျှောက်ရဲတတ်လာတယ်
အံသြမိပါရဲ
သူမ ရဲ့ခွန်အား ဟာ ရင်သွေးတွေဆီ စီးဆင်း အသက်တွေကြီး ပြီးရင်းကြီးပေါ့
သူမ ရှေ့ ရောက်ရင် ကိုယ့်ကိုယ်သိလာတယ်
ကလေးတစ်ယောက်ဆိုတာကိုပေါ့
အံသြမိပါရဲ့
သူမဟာ အံဖွယ်လူသားတစ်ယောက်ဆိုတာ သိလိုက်ရလို့ပေါ့
12/11/2012 နေ့ရဲ့
အိပ်ယာဝင်တေးလေးပါပဲဗျာ
မောင်ရေခဲ