*** ဒီလိုလုပ် ဒီလိုကျင့်
ခပ်ရင့်ရင့် ခိုင်း နှိုင်း
သံသရာ မရိုင်းရလေအောင်
ပုံသွင်းသင်ကြားလဲ
ညွှတ်ကွင်းတွေကြားထဲ
လွတ်ကင်းဖို့ခက်တယ်
*** တဒိတ်ဒိတ်ရင်ခုန်သံ
စိတ်သံ ၊ ရုပ်သံ
တညံညံ ဝန်းရံခ
တွန်းလှန်ချဖို့ခက်ပြန်မှတော့
နိဗ္ဗာန်ကိုစိတ်သန်နေလို့ အပိုပါပဲ
*** အနု ၊ အလှ သမုဒယ ပေါများရာ
ဒီ ဇလာတော မှာ
မျောဖို့ရာလမ်းများတယ်
*** ဒုက္ခ ဆိုတာ
ခမ်းလိုက် လန်းလိုက်ဆိုပေမယ့်
ချိုတယ် ထင်ထင်နေတော့ခက်တယ်
*** အရှိုက်ခက်မှန်း သိရက်နဲ့
အသိုက်တွေ ခပ်မိုက်မိုက်လုပ်
အချုပ်ကိုတွေးရင်း တွေးထင်
ဒီနေဝင်ချိန်ဟာလဲ
မျက်နှာလွှဲခဲ့ ပြန်ပါရော
မောင်ရေခဲ