Tuesday, May 12, 2026

မျက်ရည်ချော့တေး

အခန်းတံခါးမီးမှိတ်
ခပ်တိတ်တိတ်ငိုကျွေး
ခပ်တိတ်တိတ်ပူဆွေး
ကြွေလွင့်ခဲ့တဲ့အကြင်နာတွေ
အဆွေဖြစ်ခဲ့တဲ့ဝေဒနာတွေ
ဝေးလွင့်လို့မသွားခင်
ဆွေးခွင့်တွေပိတ်ပင်ပါတယ်
မင်းမုန်းလို့ ဝ ပါတော့ ......။





သဝန်တိုတဲ့ ည

ဟိုး ... အဝေးနားဆီကပန်းတစ်ခက်
 မောင် ခူးပေးရင်ကြေနပ်မယ်ဆို...
ခုတော့ ...
 အနေခက်ပြီကွယ်
 ဝေဒနာတွေရဲ့ထုဆစ်မှု့တိုင်းဟာ
အလွမ်းတွေသာစိုးမိုးတတ်တယ် ထင်ပါရဲ့
မျက်ရည်မခမ်းသေးတဲ့
 ဟောဒီတေးသွား တစ်ပုဒ်အတွက်
 ဝေးမသွားပါရစေနဲ့ အိပ်မက်သခင်ရယ်
 တစ်ခါတစ်ခါ
ရင်မှာဟာတာတာဖြစ်တတ်လွန်းလို့
 ဘောင်ခတ်ခတ်ထားရတယ်
ငါ့အခန်းမှာ မျက်စိမှိတ်
 အိပ်စက်တဲ့အခါ
တံခါးမဲ့အေပါက္ကေန ဝင်ဝင်လာတဲ့
နင့်အပေါ် ရင်ခုန်သံတွေက အစီအရီ
 တစ်ခါတစ်ခါ ...နင့်ရဲ့
 ပြီတီတီ မျက်နှာထားလေးလဲလွမ်းတယ်
လွမ်းပြီးရင်း လွမ်းရတဲ့အခါ
ငါ့ ရင်ဘတ်ကိုယ် ငါ သဝန်တိုတတ်လွန်းလို့
ဒီတစ္ညေတာ့ ခပ်ဆိတ်ဆိတ်ပဲနေချင်တယ် ...။




အဆုံးမဲ့

ငါ့ ခြေလှမ်းတွေအရင်လိုမချိုမြိန်တော့ဘူး
 နေရောင်ခြည် တွေအိပ်တန်းဝင်လုနေပြီ
 Villain .တစ်ယောက် ကို
 နတ်ဆိုးတွေဖန်ဆင်းတယ်
 တကယ်ပါ ...
ငါအသက်ရှိသရွေ့တည်မြဲနေမယ့်
 ရင်ခုန်သံကိုတော့သူ မရပ်တန့်နိုင်ခဲ့ဘူး
 အလံတလွင့်လွင့်
ချီတက်လာတဲ့ တပ်သားတွေ ...
ခိုးခိုးပြီး ကြည့်ခဲ့ရတဲ့
 မျက်ဝန်းတမန်တော်တွေ ...
မင်း လက်ခံပေးပါ
  မင်း ကြားမှာမဟုတ်တော့တဲ့
ငါ့ရဲ့ ရင်ဖွင့်သံ အမှန်တရားတွေ ...
မျက်ရည်တွေ ...
အသုံး မဝင်မှန်း သိပေမယ့်
ငါ ...ငါဖက်တွယ်ထားမိတယ်
 မင်းရဲ့ ခေါင်းတလားတစ်ခု (ပြီးတော့)
 ငါ့ ရဲ့တွယ်တာမှု့
ဘဝတစ္ခုဟာ ပြီးဆုံးခဲ့ပြီ ...
အိပ္မက္တစ္ခု
 ပြကွက်တစ်ခုသာဆို
ငါ့ မျက်ရည်တွေ " နွေ " ဖြစ်သွားမှာ
 အခုတော့ ... ငါ့ ခြေလှမ်းတွေအရင်လို မချိုမြိန်တော့ဘူး...။


ရင်တွင်းတေး

လွတ်ကင်းစပြုနေတဲ့
ငါ့ရဲ့ ရင်ငွေ့တွေ
မင်းထုတ်မပစ်ပါနဲ့လားကွယ်
 ခံတပ်တွေကြားထဲက
 မျက်ဝန်းတစ်စုံရဲ့အပြုံးဟာ
 အမြဲလတ်ဆတ်နေမယ်ဆိုတာ
သူ့ရဲ့ ကိုယ်ရံတော်က
စကားလုံးရောင်စုံနဲ့
အျမဲ ကြဲချနေတယ်ကွဲ့ ..အချစ်ရဲ့
ငှက်ကလေးတွေရဲ့ရင်ခတ်သံ
 ငါ့ ရင်မှာ
 တေးအဖြစ်တေးအဖြစ် တည်ရှိလာတဲ့အခါ
မျက်ရည်တွေနဲ့
 ငါ့ ကိုယ် ငါ သွန်းလောင်းမိတယ်
အဲဒီမွာ ... မြင်နိုင်ရဲ့လား ခ်စ္သူ
 ကြေမွဖို့ အားယူနေတဲ့
 နှလုံးသားတစ်စုံကိုလေ .... ။




valentin's day


** အချစ်နေ့စွဲ
           ကွဲကွာမြေခြား
           ရာသီနှစ်လ
           ချစ်သမျှအကြောင်း
           ရင်တွင်းတောင်းဆို
          ဟောင်းအိုပြန်သစ်
          သစ်ပုတ်ပင်ကြီးမျက်ရည်လည် ...။

 ** ချစ်သူတွေနေ့
         ပူတွေလွင့်ပျောက်
        ရင်တွင်းသစ်လွင်
        အကြင်နာတွေတိုးလို့ပြို ...။

** အနာဂတ်နေ့
        လက်ချိုးရေတွက်
       ရင်ခုန်လှိုက်မော
        ဘဝေတာ့က
         တုန်လှုပ်စွာနဲ့စောင့်လို့ကြို...။

** ချစ်သူတွေနေ့
          နေခြည်သစ်လောင်း
         နှစ်သစ်ကောင်းဖို့
        ချစ်ကြသူတို့စောင့်လို့ကြို ... ။





ကိုအာဒံရဲ့ မှတ်ချက်

ပျက်သုဉ်းသွားတဲ့ရှင်သန်မှု့တွေ

 နေခြည်နုနု လေးနဲ့အတူ ဖြတ်သန်းလာတယ်
 လာလှည့်ကွယ် ...
 နှုတ်မဆက်ဘဲ ကွယ်ပျောက်ခဲ့တဲ့
 ကြယ်တစ်စင်း
ရင်ချင်း လဲထပ်ရတောင်
ငါ ကျေနပ်တယ်
အချစ်ရဲ့ ပြယုဂ်ကလေးနက်ပေမယ့်
 သာယာမှု့ဘောင်တစ်ခုဖြစ်တယ်
 အလွမ်း ဆိုတဲ့လှိုင်းတွေ
 မျက်ရည် ဆိုတဲ့ဒိုက်တွေ
သံသယ ဆိုတဲ့မှော်တွေဟာ
 အချစ်ကိုအိုးမည်းသုတ်သူတွေပေါ့
 "ကိုအာဒံ " ကတော့ပြောပါရဲ့
အချစ်မှာ
နားလည် မှု့ဝတ်ရုံကို
 အမြဲဝတ်ဆင်ဖို့နဲ့ချစ်တတ်ဖို့ဟာ
အချစ်အိမ်မြဲခြင်းရဲ့ " အဓိက " တဲ့
" ငါ လိုက်နာပါ့မယ် " လို့ ပြောတော့
 " ဒီလိုမွေပါ့ " ဆိုပြီး ခပ်ပြုံး ပြုံးဖြစ်နေလေရဲ့ ...။ 
 

 

တွဲလက်ညီညီ

 

ခဏ ခဏ မကြည့်ချင်ပါဘူး
ရိုးသွားမှာစိုးလို့
ခိုးခိုးပြီးကြည့်ချင်တယ်
ခဏ ခဏ မလွမ်းချင်ပါဘူး
 နွမ်းသွားမှာစိုးလို့
တိတ်တိတ် လေးပဲလွမ်းပါရစေ
 မေရးရာတဲ့အေတြး တွေလဲ
 တွေးချင်ပါဘူး
 သေချာတဲ့တစ်နေရာမှာ
ငါ ...နင့်ကို သိမ်းထားပါရစေ ...
 သေချာလွန်းတဲ့ ကတိတွေတဲ့
 ဝေဒနာတွေ ဘေးချိတ်
ခပ်ထိပ်ထိပ် ရင်ကိုဖိလို့
ငါ့ ကမ္ဘာမှာ နင် သာယာစေမယ်
 နာကျင်တာတွေ မေ့ပျောက်
အကြင်နာအပြုံးတွေနဲ့ ...နင့်ကို
 ငါ ...ကြည်လင်စေမယ်...
ငါ့ ကမ္ဘာမှာ ပကာသနမရှိပေမယ့်
ထာဝရပျော်ရွှင်စေမှာပါ
ဂုဏ်ဓနတွေမရှိပေမယ့်
ယုံကြည်စိတ်ချခြင်းတွေ
နင် တွေ့ရမှာပါ
ငါ လက်လှမ်းလို့ကြိုဆိုပါတယ် ...ခ်စ္သူ
 တွဲလက်တွေမြဲသရွှေ့
  ဒို့ ... ဝဲဂယက်ထဲလျှောက်ကြတာပေါ့ ။





ငါတို့ဝေးသွားကြတဲ့အခါ


တိတ်တိတ်လေးနဲ့ စိုးထိတ်ပေးတတ်တဲ့ နှလုံးသားလေးကိုသတိယပေးပါ
ကွေကွင်းခြင်းဆိုတာ ငါတစ်ယောက်ထဲခံစားရတာမဟုတ်တဲ့အတွက်တော့
ငါဖြေသာပါတယ်
ငါတို့ဝေးသွားကြတဲ့အခါ
လာလမ်းကိုမျှော်ဆိုတဲ့ သီချင်းလေးကိုနားထောင်တတ်တဲ့အဖြစ်လေးတွေကိုသတိယပေးပါ
တကယ်တော့ လာလမ်းမမျှော်ခဲ့ဘဲ မျှော်တော်ယောင်ကမ်းမှာ ကပ်နေခဲ့မိပေါ့

ငါတို့ဝေးသွားကြတဲ့အခါ
ဆင်ခြင်မဲ့အတွေးများတဲ့ ငါ့ကိုခွင့်လွတ်ပါ
စိတ်ဒဏ်ရာတွေ အနယ်မထိုင်သရွေ့ ငါ့စိတ်တွေ မတုန်မလှုပ်ဖြစ်တတ်လွန်းလို့ပါ

ငါတို့ဝေးသွားကြတဲ့အခါ
တေးသွားတွေရွတ်ခဲ့တဲ့ ညနေခင်းလေးတွေကိုသတိယပေးပါ
ငါ့ရင်ဘတ်ရဲ့ သခင်ဟာ မင်းပါ မင်းပါ လို့ရွတ်နေတာ ခုထိ

ငါတို့ဝေးသွားကြတဲ့အခါ
ပြန်ခဲ့မယ်ပြောပြီး ပြန်မလာခဲ့တဲ့ ကိုယ်အဖြစ်ကိုယ်ပြန်သတိယပါ
အလွမ်းဆိုတာ ကြိုက်လို မျိုချခဲ့ရတာမဟုတ်ရပါဘူး
ရူးရူးမိုက်မိုက် စိတ်မှိုင်းတိုက်လိုက်ရတာပါ

ငါတို့ဝေးသွားကြတဲ့အခါ
ငါတို့တွေဟာ မိတ်ဆွေတွေပါပဲလို့ မျက်စိမှိတ်ပြောပြီးပြန်ခဲ့ရတဲ့မျက်ရည်တွေကိုသတိယပါ
တစ်ထပ်တည်းမကျတဲ့ အိပ်မက်တွေက ကျိန်စာတိုက်တယ်လို့ပဲသဘောထားလိုက်တာပါ

ငါတို့ဝေးသွားကြတဲ့အခါ .............
ငါတို့ဝေးသွားကြတဲ့အခါ ..............
ငါတို့ဝေးသွားကြတဲ့အခါ ............
ငါတို့ဝေးသွားကြတဲ့အခါ ............

                                          


                 မောင်ရေခဲ
            9 August 2013 at 03:31
                                                
                                                        
                                            


ကဗျာရေမျောတဲ့ည

ကော်နရှင်ခါးခါးကို ရေမရောဘဲမျိုချ
ဒီညလဲ အိပ္ပ်က္တာပဲ အဖတ်တင်ခဲ့ပေါ့
မှတ်တမ်းတင်ခွင့်မရတဲ့ ဟော့ဒီ ည

ခပ်ဆဆ မောင်းထုတ်
အရုပ်ကမ္ဘာကိုပြန်မရောက်ချင်ဘူး မေမေ
တေလေ တစ်ယောက်ရဲ့ခွန်းထောက်ဟာ မိုးလင်းဂီတ နဲ့မတန်မှန်းသိရဲ့
မျက်စိကိုဇွတ်မှိတ် လက်နှစ်ချောင်း ဖျက်ကနဲ့ ဆန့်တန်း

အိုးးးးးး မတန်မရာ ဗုဒ္ဓကိုတမ်းတ မိပြန်ရော
လောကရဲ့ အမြီးအမောက်မတည့်လှတဲ့ ခေါင်းတစ်လုံးကို
ပန်းစင်္ကြာတစ်ခုအမှတ်နဲ့ ရက်ကြာကြာခေါင်းပေါ်တင်
ရင်ဘတ်နဲ့တောင်ဦးညွှတ်ခဲ့ပေါ့
လျော့မသွားခဲ့ပါဘူး
ရူးသွပ်မှု့တွေကိုပေါ့
ဘယ်လောက်ပဲခါးခါး ဆေးခါး ကြီးမှမဟုတ်ဘဲကွယ်
ဓားလွယ်တစ်ခုတ်မှာ အစာသွပ်အရုပ်တစ်ခုနဲ့အစားထိုးရုံပေါ့
ရေးတွင်းပျက်ကြီးလဲ ဖုံတွေတစ်ထောင်းထောင်းထ နေပြီမေမေ
ဒါပေမယ့်
ကျနော် အားမလျော့သေးဘူး
အသွားခြေလှမ်းတွေဘယ်လောက်မြန်မြန်
အပြန်လမ်းက ပိုနီးပါတယ်လေ

                                                                     မောင်ရေခဲ
10 August 2013 at 02:51

မစွေတော့နဲ့တော့ဗျာ

ရွာသာရွာချလိုက်ပါ
အကြင်နာမိုး ၊ မေတ္တာမိုး ၊ သစ္စာမိုး ၊ အလွမ်းမိုး ၊ အဆွေးမိုး ၊ ကမ္ဘာပြုမိုး ၊ မရိုးနိုင်တဲ့ မိုးတွေ

ရွာသာရွာချလိုက်ပါ
ခင်ဗျာ ... ခံစားမှု့တွေ တင်းလောက်ရော့ပေါ့
အထောက်တော်တွေ မလွှတ်ပါနဲ့တော့
ညီမျှခြင်းတွေနဲ့လက်တွဲ .. ကွဲလွဲမှု့တွေအတွက်

ရွာသာရွာချလိုက်ပါ
အချစ်ဆိုတာ နားမလည်သူတစ်ယောက်ပါ
မျက်ရည်တွေ မိုင်တွေခြားသလို
အချစ်နဲ့ခြားနားနေသူပါ
မြွေပူရာကင်းမှောင့် လောက်လောက်လားလားရွာ မရခဲ့သူပါ
ခြားနားမှု့တွေကို အဆုံးမသတ်တော့
စုပ်တသပ်သပ်နေနေရသူပါ
အဆိုးတွေ ...မိုးရေနဲ့မျှောချချင်သူပါ
မေတ္တာတွေအတိုးချ မငိုရတဲ့ဘဝကိုပိုင်ဆိုင်ချင်သူပါ
အမုန်းစစ်ပြေငြိမ်း ငြိမ်းချမ်းရေးငှက်လွှတ်ချင်သူပါ 

ရွာသာရွာချလိုက်ပါ
အသူတရာချောက်တွေပြည့်သွားပါစေ
မူမပါတဲ့ အပြုံးတစ်လက်ကိုပိုင်ဆိုင်ဖို့
အဖြူရောင်ချပ်ဝတ်တန်ဆာကိုဝတ် လို့ တိမ်ညိုညိုတွေကိုကြည့်ချင်နေသူပါ

ရွာသာရွာချလိုက်ပါ
သဘောကောင်းချင်ယောင်ဆောင်နေတဲ့
တိမ်တိုက်တွေလွင့်တဲ့အထိဖြိုခွင်း
မိုးလင်းခွင့်ကိုမုန်းတဲ့ မျက်ကန်းအတွက်ပေါ့

ရွာသာရွာချလိုက်ပါ
ဝေးခဲ့ရတဲ့နေ့ရက်တွေ
ဆွေးခဲ့ရတဲ့နေ့ရက်တွေ
နှလုံးသွေးခ ခဲ့ရတဲ့နေ့ရက်တွေ
အပြုံးနွေးမရတဲ့နေ့ရက်တွေ
တွေဝေခဲ့တဲ့နေ့ရက်တွေ
အဆင်မပြေခဲ့တဲ့နေ့ရက်တွေ
အသက်တိုးမသွားအောင်

ရွာသာရွာချလိုက်ပါ
မြေခ ခဲ့တဲ့မျက်ရည်တွေ
ကြွေကျခဲ့တဲ့ နှလုံးသားတွေ
လုံးပါးပါးမသွားအောင်

ရွာသာရွာချလိုက်ပါ
ဝေးကွာခဲ့တဲ့မေတ္တာတွေ
အလွှာကင်းမဲ့တဲ့သစ္စတွေ
အလျင်အမြန်ချုပ်စပ်တဲ့အထိ

ရွာသာရွာချလိုက်ပါ
အမှန်တရားကို မှန်ပေါ်တင်ကြည့်တဲ့အခါ
ခင်ဗျားရွာတာအပြစ်မရှိပါဘူးလေ ။



                                          မောင်ရေခဲ
                            14 August 2013 at 00:04

ဒီလိုပါပဲ


မျက်နှာချင်းဆိုင်ဝေးတယ်ပေါ့
ဒီလိုလေးဝေးကြတာပေါ့
အတွေးနဲ့
သံသယနဲ့
တိတ်တိတ်လေးဝေးကြတာပေါ့
မျက်နှာချင်းဆိုင် ။


မောင်ရေခဲ
16/12/2015